
ရခိုင်စစ်ဘေးရှောင် လူဦးရေ ၆၀၀၀ လောက်က ၂၀၀၀ ကျော်ဟာ မကြာခင် စားနပ်ရိက္ခာပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ် လေးမြို့နယ်မှာ ထွက်ပြေးတိမ်း ရှောင်လာတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေကို အရပ်ဖက် လူမှုအဖွဲ့အစည်းတချို့က ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာတွေ ထောက်ပံ့ထားပေမယ့် တချို့နေရာတွေကို ကန့်သတ်မှုနဲ့ ပို့နေရတာကြောင့် လာမယ့်နှစ်ပတ် လောက်ဆိုရင် ရိက္ခာတွေ အားလုံး ပြတ်တောက်နိုင်တယ်လို့ ဆိုပါတယ်။
ရခိုင်စစ်ဘေးရှောင်တွေကူညီနိုင်ရေးအတွက် ဇန်နဝါရီ ၁၉ ရက်က ဖွဲ့စည်းခဲ့တဲ့ ရခိုင်အမျိုးသား ညီညွတ်ရေးကော်မတီကတော့ စစ်ဘေးသင့်သူတွေကို ကူညီထောက်ပံ့မှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တော်ဖျားချောင်းထဲမှာရှိတဲ့ ဖားကြွယ်နဲ့ သင်းပုန်းတန်းစခန်း တောင်မင်းကုလားကျေးရွာ၊ ရသေ့တောင်မြို့နယ် ပဲသဒူ၊ ဆင်ခုံးတိုင်၊ ဘူးသီးတောင်မြို့နယ် ဒုံသိမ်းတို့မှာ စားနပ်ရိက္ခာတွေအရေးပေါ် လိုအပ်နေသလို လယ်ကွင်းပြင်မှာ ရွက်ဖျင်တဲတွေ အမိုးအကာမလုံဘဲ နေနေရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။
စစ်ဘေးသင့်ပြည်သူတွေအတွက် ရေရှည်မှာ အစိုးရက ဘယ်လို ပံ့ပိုးကူညီမလဲဆိုတာ စီးမံကိန်းတွေဆွဲထားသင့်တယ်လို့ ရခိုင့်လူမှုအဖွဲ့အစည်းတွေက ထောက်ပြကြသလို ရခိုင်စစ်ဘေးရှောင် ၆၀၀၀ လောက်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကူညီထောက်ပံ့မှု နည်းပါးနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
သတင်း- ဝဏ္ဏခွာညို











