အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်ရဲ့ န၀မအကြိမ်မြောက် အစည်းအဝေး ကနေ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်ပြီ လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကျင်းပတဲ့ ဖိုရမ် အစည်းအဝေးမှာ ဖိုရမ်အဖွဲ့ဝင် ၅ နိုင်ငံက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဖိုရမ်အဖွဲ့ဝင် လျှောက်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး လက်ခံဖို့ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။
ဒီဖိုရမ်ရဲ့ အဓိကရည်မှန်းချက်က အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ လူသားတွေရဲ့ အခွင့်အရေးကို မြှင့်တင်ကာကွယ်ဖြည့်ဆည်းပေးဖို့ ဒေသဆိုင်ရာ ယန္တရားအနေ နဲ့ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။
ဒီရည်မှန်းချက် အောင်မြင်ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမျိုးသားလူ့အခွင့်အရေး အဖွဲ့တွေ ဖွဲ့စည်းဖို့၊ ဒေသတွင်းနဲ့ ဒေသပြင်ပက ဆိုးဝါးတဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှု ပြဿနာတွေနဲ့ စပ်လျဉ်းပြီး စုပေါင်းရပ်တည်ချက်ယူရေး အပါအ၀င် လှုပ်ရှားမှုတွေဆောင်ရွက်ရေးတွေ ပါဝင်ပါတယ်။
ဖိုရမ်ရဲ့အစည်းအဝေးကို တက်ရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြကို ဆက်သွယ်မေးမြန်းထားချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။











