DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုကင်းမှ ပြည်သူ့ဘဏ္ဍာ ခိုးမည့်သူများကို ဖယ်ရှားနိုင်မည်ဟု အတိုင်ပင်ခံပြော
DVB
·
January 21, 2019
အဂတိလိုက်စားမှုကင်းမှ ပြည်သူ့ဘဏ္ဍာ ခိုးမည့်သူများကို ဖယ်ရှားနိုင်မည်ဟု အတိုင်ပင်ခံပြော
Donate to DVB

အဂတိလိုက်စားမှု ကင်းမှသာ နိုင်ငံရဲ့အရင်းအမြစ်တွေနဲ့ ပြည်သူတွေရဲ့ ပစ္စည်း၊ ဥစ္စာ၊ ဘဏ္ဍာတော်တွေကိုခိုးမယ့်သူတွေကို ဖယ်ရှားနိုင်မယ်လို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

ဇန်န၀ါရီ ၂၀ ရက်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ သီကီရ်ရေလှောင်တမံနဲ့ အသေးစားရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောရာမှာ ပြောသွားတာပါ။

“ခိုးသူဆိုတာကတော့ သာမာန်ခိုးသူတွေ မဟုတ်ပါဘူး။ ပြည်သူတွေထံမှ၊ နိုင်ငံမှ ခိုးသူတွေကိုလည်း ဆိုလိုပါတယ်။ ဒါဟာ အဂတိလိုက်စားမှုပါ။ အဂတိလိုက်စားမှု ကင်းမှသာ လျှင် ကျမတို့ ပြည်သူပြည်သားတွေဟာ နိုင်ငံ့ရဲ့အရင်းအမြစ်တွေ၊ ပြည်သူနဲ့ ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာ၊ ဘဏ္ဍာတော်တွေကို ခိုးမယ့်သူတွေကို ကျမတို့ဖယ်ရှားနိုင်မှာပါ။ ဒါကလည်း ဒီမိုကရေစီစနစ်ရဲ့ အဓိကရည်ရွယ်ချက် တခုလည်းဖြစ်တယ်။ ဒီိမိုကရေစီစနစ်ကြောင့်လည်း အဂတိလိုက်စားခြင်းကို ဖယ်ရှားနိုင်တဲ့ အခွင့်အရေးတွေ ရပါတယ်။ ဒါကလည်း ကျမတို့အစိုးရရဲ့ ဦးတည်ချက်တခု ဖြစ်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်စနိုင်ငံဖြစ်လို့ တခြားလူတွေထက်ပိုပြီး ကြိုးစားရမယ်၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့လို့ တခြားအိမ်နီးနားချင်းတွေ၊ ရှေ့မှ ဖွံ့ဖြိုးတိုးတက်သွားတဲ့ နိုင်ငံတွေကိုမှီဖို့ သူများတွေ လမ်းလျှောက်နေချိန်မှာ ပြေးနိုင်မှရမယ်၊ တိုင်းရင်းသား ပြည်သူပြည်သားအားလုံး ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်ဖို့ မျက်ရည်မကျဖို့အတွက် အားလုံးအတူ အများကြီးကြိုးစားကြဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ သစ်ပင်တွေ ခုတ်တဲ့ အလေ့အထကို လုံးဝပျောက်အောင် လုပ်ကြဖို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောပါတယ်။

“ဒီကိုရဟတ်ယာဉ်နဲ့လာတဲ့အခါမှာ ဒီမှာသစ်တောတွေ ဘယ်လောက်ပြုန်းတီး သွားပြီလဲဆိုတာ တွေ့ရပါတယ်။ သိအောင်ပြောပြတာပါ။ နှိုင်းယှဉ်တဲ့အနေနဲ့ ပြောတာမဟုတ်ပါဘူး။ မကြာခင်က ကချင်ပြည်နယ်သွားတဲ့ အခါကျတော့ ကြည့်လိုက်တဲ့အခါ တောအုပ်တွေက တစ်ခါထဲ အင်မတန်မှစိမ်းလန်းပြီးတော့ သန်မာနေတာကို ကျမ တို့တွေ့ရတယ်။ ချင်းပြည်နယ် မှာလည်း ဒီအတိုင်းပဲ ပြန်ပြီးတော့ဖြစ်စေချင်တယ်။”

ချင်းပြည်နယ်ခရီးစဉ်အတွင်း ရဟတ်ယာဉ်ဆင်းချိုန်မှာ  လေအရမ်းတိုက်ပြီး ခေါင်းမိုးတွေနဲ့ ခြံစည်းရိုးတွေပျက်စီးတာတွေအတွက်  အားလုံးလျော်ကြေးပေးဖို့နဲ့ ရာသီဥတုအခြေအနေကြောင့် ခရီးစဉ် နောက်ကျခဲ့တာအတွက်လည်း တောင်းပန်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို ပြောသွားပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013