DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး နိုင်ငံတော်က ပိုမိုပံ့ပိုးပေးရန်လို
DVB
·
January 20, 2019
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး နိုင်ငံတော်က ပိုမိုပံ့ပိုးပေးရန်လို
Donate to DVB

ကရင်ပြည်နယ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ပံ့ပိုးငွေနဲ့ လုံလောက်အောင် သုံးစွဲနေရသလို နိုင်ငံတော်က ပိုမိုပံ့ပိုးပေးနိုင်မယ်ဆိုရင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၁၈ ရက် မနက်ပိုင်းက ဘားအံမြို့၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲမှာ ဒီဗွီဘီကို ပြောပါတယ်။

ဘားအံမြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ဒေါ်နန်းမူးနိခေါင်က “နိုင်ငံတော် ပံ့ပိုးငွေကတော့ လုံလောက်လားဆိုတော့ လုံလောက်အောင်လည်း ကျမတို့က သုံးရတယ်လေ။ ဒါပေမယ့် ဒီထက်မက နိုင်ငံတော်က ပိုပံ့ပိုးပေးနိုင်မယ်ဆိုရင် ကျမတို့ကျေးရွာမှာရှိတဲ့ လမ်းပန်း ဆက်သွယ်ရေးတွေ ဒီထက်မက ကျမတို့ပိုပြီးတော့ ဆောင်ရွက်နိုင်မှာပေါ့။ အဲဒါကိုလည်း ဒီထက်မက ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

ဘားအံမြို့၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက “ကျနော်တို့က ဒီကျေးရွာတွေရဲ့ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်စာအုပ်တွေ ဖြန့်ဝေ ပေးသွားမှာဖြစ်တယ်။ ဌာနဆိုင်ရာတွေက လာမယ့်လာမယ့်ဘတ်ဂျက်လျာထားတဲ့အခါမှာ ဒီစာအုပ်ကြည့်တာနဲ့ ဒီကျေးရွာရဲ့လိုအပ်ချက်ကို သိပြီးတော့ သူတို့ဘတ်ဂျက်တွေလျာထားနိုင်မှာ ဖြစ်တယ်။ ဒီလိုနည်းနဲ့လည်း သူတို့ကျေးရွာဖွံ့ဖြိုးရေးကို အထောက်အပံ့ ရရှိစေမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာ၊ ဒေါ်နန်းတင်ကြည်က “ကျမ ကျေးနယ်မှာ တံတားလည်း ဆောက်ဖို့ရှိတယ်၊ လမ်းလည်း မကောင်းဘူး၊ ကေဂျီကျောင်းလည်း ဆောက်ရဖို့ရှိတယ်။ အစိုးရထောက်ပံ့တဲ့ ငွေသက်သာရအောင်လို့ ကျမတို့က တဖက်တလမ်းကနေ မြစိမ်းရောင်ငွေနဲ့ အတိုးယူပြီးတော့ လုပ်ဖို့အစီအစဉ်ရှိတယ်” လို့ ပြောပါတယ်။

အခမ်းအနားမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် ကျေးရွာ ၂၉ ရွာကို ရန်ပုံငွေကျပ်သိန်းပေါင်း ၂၉၀၀၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ကျေးရွာ ၁၂ ရွာကို ရန်ပုံငွေကျပ်သိန်းပေါင်း ၃၆၀၀ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဘားအံမြို့နယ်မှာ ကျေးရွာအုပ်စု ၉၁ အုပ်စု၊ ကျေးရွာပေါင်း ၄၇၄ ရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း (VDP)ကို ကျေးရွာပေါင်း ၄၀၂ ရွာမှာ စီမံကိန်းရေးဆွဲမှာဖြစ်ပြီး ကျေးရွာပေါင်း ၁၄၁ ရွာ ရေးဆွဲပြီးဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကရင်ပြည်နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေရာ ဘားအံခရိုင်၊ ဘားအံမြို့နယ်မှာ ကျေးရွာ ၂၂ အတွက် ၁၄ ယူနစ်၊ သံတောင်ကြီးမြို့နယ်မှာ ကျေးရွာ ၂ ရွာအတွက် ၁ ယူနစ်၊ ကော့ကရိတ်ခရိုင်၊ မြ၀တီမြို့နယ်မှာ ကျေးရွာ ၅ ရွာအတွက် ၅၊ စုစုပေါင်းယူနစ် ၂၀၊ ကျပ်သိန်း ၆၀၀၀ ကို (၁ ယူနစ် ကျပ်သိန်း ၃၀၀x၂၀)၊ လွှဲပြောင်းပေးအပ်ပြီး ဖြစ်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013