DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ
DVB
·
September 18, 2012
ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ
1 / 2
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား  ၅ ဦးဟာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့ ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့ ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့ တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ် ရပ်စဲသွားတယ်။

“ဒီနေ့ထိ သေနတ်သံတွေ လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ ၀မ်းမြောက်ကြည်နူးတယ်။ သူတို့တွေ လမ်းပေါ်တွေမှာ တက်ပြီးတော့ အောင်ပွဲခံကြ တယ်။ လမ်းမတွေပေါ်မှာ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ လမ်းလျှောက်နေကြတယ်။ ကျနော်တို့ကို ပြောပြတယ်။ အဲလို ညဆို အပြင်မထွက်ရဲခဲ့တာ သူတို့မှာ ကြာခဲ့ပါပြီတဲ့။ အခုတော့ သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့နေ့တွေ နေ့တိုင်းဖြစ်သင့်တယ်၊ ညတိုင်းလည်းဖြစ်သင့်တယ်။ အခု ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကလေးတွေ ကျောင်းပြန်တက်နေကြပြီ။ ကျနော်တို့ အဲမြင်ကွင်းတွေကို ထာဝရပန်းချီကားတချပ်လို ရေးခဲ့ချင်ပါတယ်။ ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိသလို ကျနော်တို့ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ အမြဲမပြတ်စောင့်ကြည့်နေပါ့မယ်လို့ အားလုံးကို အသိပေးခဲ့ပါတယ်”  လို့ ပြောပါတယ်။

သူတို့ မရောက်ခင်ကတည်းက ပစ်ခတ်သံတွေ ရပ်သွားတာဖြစ်တဲ့အကြောင်းနဲ့ ဒေသခံတွေ စိတ်ခံစားမှုတွေကို ဖားကန့်မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ရဲ့ ညီလာခံဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ခုလို ပြောပါတယ်။

“ထူးခြားမှုကတော့ သူတို့လာတဲ့အချိန်မှာ လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းသွားတာပေါ့။ သူတို့က ည ၈ နာရီလောက် မြို့ထဲရောက်လာတာဆိုတော့ သူတို့မရောက်ခင်အချိန်ဆို အဲ့အချိန်ကာလဟာ ညဆို စစ်သားတွေက ကင်းလှည့်တဲ့အချိန်ဆိုတော့ လူထုတွေက ကျီးလန့်စာစားဖြစ်နေကြတာပေါ့။ သူတို့ရောက်လာတဲ့အချိန်ကြတော့ လူထုရဲ့စိတ်မှာပေါ့ပါးသွား တာပေါ့။ သူတို့ကိုလည်း အားလုံးက လိုလိုလားလားနဲ့ ကြိုဆိုကြတယ်။ နောက်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေခွင့်ရတော့မယ်ဆိုပြီး ထင်နေကြသူတွေလည်းရှိတယ်။”

စက်တင်ဘာ ၁၇ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ မြို့ပေါ်က ရပ်မိရပ်ဖတွေ၊ ဘာသာအသီးသီးကပုဂ္ဂိုလ်တွေနဲ့ အလွှာအသီးသီးက အပါအ၀င် ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖားကန့်ဒေသ အပါအ၀င် ကချင်တပြည်နယ်လုံးနဲ့  တနိုင်ငံလုံး တိုက်ပွဲတွေရပ်စဲဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ သူတို့အဖွဲ့ဟာ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ထွက်ခွာခဲ့ကြပြီး မြို့ပြင် ဘက်နားက မြဦးစေတီဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ စစ်ရှောင်ဒုက္ခသည် ၅၀၀ ခန့်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူတို့ဟာ မနက်ဖြန်မနက်ကျရင် မိုးကောင်းမြို့မှာ “ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး” ဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စီမံချက်ကစတင်ပြီး အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အကြား အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ပြားခဲ့ ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013