DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်ခဲ့သည့် လူငယ် ၁၇ ဦးကို ဖမ်းဆီး
DVB
·
January 20, 2019
နေပြည်တော်တွင် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်ခဲ့သည့် လူငယ် ၁၇ ဦးကို ဖမ်းဆီး
Donate to DVB

နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ ခုတ်ခဲ့တဲ့ လူငယ် ၁၇ ယောက်ကို အချိန်တို အတွင်း ဖမ်းမိခဲ့တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒက္ခိဏခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့က ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးဟာ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနက ရဲတပ်ကြပ် ဇေယျာသိန်းနဲ့အတူ ပျဉ်းမနားမြို့နယ် တရားရုံးကို သက်သေခံဖို့ အရပ်ဝတ်နဲ့ လာရောက်ခဲ့ပါတယ်။

သူတို့ဟာ ပျဉ်းမနားမြို့၊ နှင်းဆီပန်းအဝိုင်းနားမှာ ဆိုင်ကယ်စီးလာတဲ့ ကျောင်းသား တယောက်ကို လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ လိုက်ပြီး လေးခွနဲ့ ပစ်လို့ ကျောင်းသားလေး ဆိုင်ကယ်လဲတာကို တွေ့ရပါတယ်။

ဒါကြောင့် ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးတို့က လေးခွနဲ့ပစ်သူတွေကို ကားနဲ့ လိုက်ဖမ်းရာမှာ ငွေကျားတိုက် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နားမှာ တယောက်ကို ဖမ်းမိပြီး ကျန်တဲ့ ၃ ယောက်က ထွက်ပြေးသွားပါတယ်။

ဖမ်းမိသူကို ကားပေါ်တင်နေတုန်း နောက်ကနေ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးနဲ့ လူတွေ ရောက်လာပြီး ပါလာတဲ့ ဓားတွေနဲ့ဝိုင်းခုတ်ပြီး ထွက်ပြေးသွားခဲ့သလို ဖမ်းမိထားသူလည်း ထွက်ပြေးသွားခဲ့ပါတယ်။

ဒီအမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်ပြီး ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက စုံစမ်းရာမှာ အခင်းဖြစ်တုန်းက စီးနင်းခဲ့တဲ့ ဆိုင်ကယ်တစီးဟာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ ရေအိုးစဉ်ရွာမှာ ရှိတာကို သတင်းရလို့ သွားရောက်အတည်ပြုပြီ ဇော်မိုး ဆိုသူကို ည ၁၁ နာရီမှာ ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို စစ်ဆေးပြီးတဲ့နောက် အမှုမှာ ပါတဲ့ နောက်ထပ် ၁၆ ယောက်ကိုလည်း ဖမ်းမိခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ဇော်လင်းဦး(ခ)ပုလဲ၊ မင်းအောင်(ခ)ဖိုးတုတ်၊ ချစ်ပိုင်လင်းတို့ဟာ အထက ၃ က ကျောင်းသားတွေ ဖြစ်ပြီး ကျောင်းတက်တုန်းမှာ အပြင်က လူတချို့နဲ့ ရန်ငြိုး ရန်စရှိတာကြောင့် အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကို ကျောင်းကိုလာခဲ့ဖို့ ဖုန်းဆက် ချိန်းဆိုထားခဲ့ပါတယ်။

နေ့လယ်ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာပဲ  ရန်ငြိုးရန်စရှိတဲ့ အမည်မသိ အမျိုးသား ၃ ယောက်နဲ့ အပြန်အလှန်လေးခွနဲ့ ပစ်ခတ်နေတုန်း အမျိုးသား ၃ ယောက်က နှင်းဆီးပန်း အဝိုင်းဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။

ဒါကြောင့် နောက်က လိုက်ပြီး ပစ်တုန်းမှာ ဇော်လင်းဦး (ခ) ပုလဲ တို့အထဲက တယောက်က လေးခွထိမှန်လဲကျခဲ့တာပါ။

ဒါကို ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးတို့ တွေ့ပြီး ဖမ်းဆီးရာမှာ အခုလို ဓားနဲ့ ခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနဲ့ ရဲတပ်ကြပ် ဇေယျာသိန်းတို့ကို လက်ရှိမှာတော့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်နေရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013