DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံကိစ္စ ပြည်သူဆန္ဒနှင့် တသားတည်းရှိဟု ပါတီ ၂ ခုမှ တာဝန်ရှိသူများ ပြော
DVB
·
January 20, 2019
မြစ်ဆုံကိစ္စ ပြည်သူဆန္ဒနှင့် တသားတည်းရှိဟု ပါတီ ၂ ခုမှ တာဝန်ရှိသူများ ပြော
Donate to DVB

မြစ်ဆုံဆည် ဆောက်သင့်မသင့် ပြည်သူ့ဆန္ဒနဲ့ တသားတည်းရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံဖြိုးတိုးတက်ရေး ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ၅ နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းဟာ အန်အယ်လ်ဒီ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာတော့ ဆက်လုပ်မလုပ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟောင်လင်းနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈၊ ၂၉ ရက်က ကချင်ပြည်နယ်ကို သွားရောက်ခဲ့ကာ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ဆက်ဆောက်လိုတဲ့ သဘောထားရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူတွေဟာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိ” လို့ ဖော်ပြခဲ့တဲ့ အတွက် မြစ်ဆုံဆည်ဂယက်ဟာ တကျော့ပြန်ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က “မြစ်ဆုံနဲ့ ပတ်သတ်ပြီးပြောရရင် စုံစမ်းရေးကော်မတီ ထပ်ဖွဲ့ထားပြီးတော့ စိစစ်တာ။ ဘာစာချုပ်မှ မဖတ်ခဲ့ရဘူး။ ဘာမှမသိခဲ့ရဘူး။ အဲဒါကြောင့် ကော်မတီဖွဲ့ပြီးတော့ စိစစ်လေ့လာနေတာ ပြီးခါနီး နေပြီ။ အဖြေပေါ်လာလိမ့်မယ်။ ဒါပေမယ့် ပြည်သူကိုပဲ မျက်နှာမူမယ်၊ ပြည်သူ့အကျိုးကိုပဲကြည့် မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြောခဲ့တဲ့ စကားကိုလည်း ခင်ဗျားတို့ ကြားမှာပါ။ ဘယ်လိုပဲ သတင်းထွက်ထွက်ပါ အန်အယ်လ်ဒီဟာ ပြည်သူနဲ့ တသားတည်း ရှိနေမှာပါ” လို့ ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က  ၅ နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံဆည်ရေအားလျှပ်စစ် စီမံကိန်းကိုထောက်ခံပြီး ပြည်သူ့သဘောထား တိုင်းရင်းသားတွေရဲ့အသံကိုသာ နားထောင်မယ်လို့ ပြောပါတယ်။

ပြည်ထောင်စုနယ်မြေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက “လက်ရှိအစိုးရအနေနဲ့က ဒီမြစ်ဆုံကို ပြန်လုပ်မယ်ဆိုတဲ့ အသံမျိုးတွေ ကြားထားတယ်။ တရုတ်ဘက်ကလည်း ဒီမြစ်ဆုံအပေါ်မှာ ပြန်ပြီး ဖိဖိစီးစီးနဲ့ ပြန်ပြီး ဆောင်ရွက်စေချင်တဲ့ သဘောတွေရှိတယ်။ အဲတော့ ကျမတို့ ပြည်ခိုင်ဖြိုးရဲ့ သဘောထားကို မေးလာရင် ပြည်ခိုင်ဖြိုးသဘောထားကတော့ ကျမတို့ သမ္မတကြီး ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး အစိုးရကနေတက်လာတယ်။ ကျမတို့တွေ တိုင်းရင်းသားအရေးတွေကို ဦးစားပေးမယ်၊ ပြည်သူတွေရဲ့ အသံကိုနားထောင်မယ်။ ကျမတို့ သဘောထားဆိုရင်တော့ ပြည်သူ့ အသံအတိုင်းပဲ လို့ ဖြေပါရစေ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ထုတ်ပြန်ချက်မှာတော့ ၇ နှစ်ကြာ ရပ်ဆိုင်းနေတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် တရုတ်ကုမ္မဏီတွေ ရင်းနှီးမြုပ်နှံဖို့အတွက် ယုံကြည်မှုလျော့နည်းနေပြီး မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမျက်ခြေမပြတ် ဆက်လက်ဆွေးနွေးဖို့ လိုတယ်လို့ ပါရှိပါတယ်။

ဒီစီမံကိန်းကို ကချင်ပြည်နယ်က တိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံမှုလိုအပ်ပြီး နှစ်ဦးနှစ်ဖက်သင့်လျော်တဲ့ အဖြေရှာရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောပါတယ်။

မြစ်ဆုံ ရေကာတာစီမံကိန်း ပြုလုပ်ဖို့အတွက် တပ်မတော်အစိုးရနဲ့ တရုတ်အစိုးရအကြား စာချုပ် ချုပ်ဆိုသဘောတူခဲ့ပြီး စီမံကိန်းတည်ဆောက်ဖို့အတွက် China Power Investment Corporation (CPI) ကနေ ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာပါ။

လျှပ်စစ်ဓာတ်အား ၃၆၀၀ ကနေ ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နူန်း နှစ် ၅၀ ကြာတင်ပို့ရမယ်လို့ ပါရှိတာကြောင့် မြစ်ဆုံတာတမံ ဆောက်လုပ်ရေးဟာ မြန်မာနိုင်ငံအတွင်း အငြင်းပွားဖွယ် ကိစ္စတစ်ရပ် ဖြစ်နေပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ သမ္မတ ဦးထင်ကျော်ကနေ ဧရာဝတီ-မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ ရေသယံဇာတ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေ၊ မြစ်ကြောင်း စီးဆင်းနိုင်မှု အခြေအနေ၊ ပြည်သူများ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေ နဲ့ စီမံကိန်း ဆောင်ရွက်ရန် သင့်မသင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို စိစစ်သုံးသပ်ခြင်းများ ပြုလုပ်ရမယ်လို့ပါရှိပေမယ့် အခုချိန်အထိ တိကျတဲ့ အစီရင့်ခံစာ ပြည်သူတွေကို ချပြထွက်ပေါ်လာခြင်း မရှိသေးပါဘူး။  

တပ်မတော်အစိုးရနဲ့ တရုတ်အစိုးရအကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ချပြခြင်းမရှိသလို  မြစ်ဆုံဆည်ကြောင့် သဘာဝပတ်ဝင်းကျင်ထိခိုက်မှုတွေ ဆိုးကျိုးတွေဖြစ်တယ်နိုင်ဆိုပြီး မဆောက်လုပ်သင့်ဘူးလို့ ပြောဆို ဝေဖန်မှုတွေက ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013