DVB Logo
Home
မြန်မာသတင်း
MEC သကြားစက်ကို ကြံသွင်းရာတွင် အချိန်ကြန့်ကြာ၍ ကြံကားများ အခက်အခဲဖြစ်နေ
DVB
·
January 20, 2019
MEC သကြားစက်ကို ကြံသွင်းရာတွင် အချိန်ကြန့်ကြာ၍ ကြံကားများ အခက်အခဲဖြစ်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့နားက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီရဲ့ သကြားစက်ကို ကြံလာသွင်းနေတဲ့ အနယ်နယ်အရပ်ရပ်က ကြံကားတွေဟာ အချိန်ကြန့်ကြာတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ကြံကားမောင်းသူတွေက ပြောပါတယ်။

ကန့်ဘလူ၊ ခင်ဦး၊ ဇီးကုန်း စတဲ့ဒေသတွေက တရက်ကို ကားအစီးရေ ရာနဲ့ချီ လာရောက်ကာ ကြံတန်ချိန် ထောင်ချီသွင်းနေကြတာပါ။

ကားအစီးရေများလာတာနဲ့အမျှ အလေးချိန်တွယ်ရာမှာလည်း ကြာတဲ့အတွက် ညအိပ်စောင့်ရတဲ့အထိ ဖြစ်နေပြီး တခါတလေ ၂ ညအိပ်ထိ ကြာတတ်တယ်လို့ ကြံကားမောင်းသူ တဦးက ပြောပါတယ်။

အဲဒီလို ကြာတဲ့အတွက် အလေးချိန်၊ အရည်အသွေး ကျဆင်းလာသလို စားစရိတ်တွေလည်း တက်လာတဲ့အပြင် အခေါက်ရေလည်း အရနည်းလာတယ်လို့ ဆိုပါတယ်။

“ကြံတောင်သူတွေအနေနဲ့တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာ ကားအခက်အခဲဖြစ်လာတယ်။ အချိန်ကြာတာပေါ့။ စက်ရုံမှာ ဘယ်လိုအခက်အခဲ ဖြစ်တယ်ဆိုတာတော့ မသိဘူးပေါ့လေ။ သူတို့အခက်အခဲတော့ မသိဘူးပေါ့နော။ ကျနော်တို့မှာကျတော့ မြေနီလမ်းမှာ ၂ ညလည်း အိပ်ရင် အိပ်ရတယ်၊ ၃ ညလည်း အိပ်ရင် အိပ်ရတယ်၊ အခက်အခဲတွေဖြစ်တယ်” လို့ ကြံစိုက်သူတောင်လည်းဖြစ် ကိုယ်တိုင်လည်း ကြံကားမောင်းနေသူဖြစ်တဲ့ ခင်ဦးမြို့နယ်မှ ကိုမင်းမင်းဦးက ပြောပါတယ်။

စက်ရုံအနေနဲ့ ကြံကောင်းရင် ကောင်းသလိုဈေးပေးပြီး ဝယ်ယူကာ ၁ တန်ကို ၃၆၅၀၀ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။

လက်ရှိအနေအထားရ စက်ရုံရှေ့ကားကွင်းမှာ ကားအစီးရေ ရာဂဏန်းခန့် ရှိနေပြီး ကုမ္ပဏီအနေနဲ့ တောင်သူ၊ ကားသမား၊ စက်ရုံအဆင်ပြေအောင် လုပ်ဆောင်ပေးစေချင်နေကြပါတယ်။

ကြံကားတွေ အခက်အခဲဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စက်ရုံနဲ့ပတ်သက်ပြီး မြေသိမ်းခံခဲ့ရတဲ့ တောင်သူတွေက လျော်ကြေး၊ နစ်နာကြေးနဲ့ ပိုလျှံမြေတွေ ပုံစံ ၇ နဲ့တကွ မူလတောင်သူတွေကို ပြန်လည်ပေးအပ်ရေးအတွက် ကုမ္ပဏီရှေ့ကို သွားရောက်ကာ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ ၁၉၉၉ ခုနှစ်ကတည်းကနေ ဒီနေ့အချိန်ထိ အနှစ် ၂၀ ကာလအတွင်း သိမ်းဆည်းမြေတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြန်လည်ဖြေရှင်းတာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီစက်ရုံကနေ စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့်လည်း ပတ်ဝန်းကျင်ထိခိုက်မှုတွေ ရှိနေပြီး အနီးအနားကျေးရွာက ပြည်သူတွေမှာလည်း ကျန်းမာရေး ထိခိုက်မှု ရှိနေတယ်လို့ သိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013