DVB Logo
Home
မြန်မာသတင်း
ဦးကိုနီအမှု သက်သေစာရင်းထဲက ရဲမှူးကြီးကို တရားရုံးပယ်ဖျက်
DVB
·
January 18, 2019
ဦးကိုနီအမှု သက်သေစာရင်းထဲက ရဲမှူးကြီးကို တရားရုံးပယ်ဖျက်
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ရှိနေတဲ့ တရားခံပြသက်သေစာရင်းထဲကနေ ရဲမှူးကြီး ဝင်းမင်းသိန်းကို တရားရုံးက  ဒီကနေ့ ပယ်ဖျက်လိုက်ပါတယ်။

တရားခံဘက်က သက်သေတင်ပြတဲ့ အကြောင်းကိစ္စတွေကို သိမြင်ခြင်းမရှိခဲ့တာကြောင့် တရားခံပြသက်သေစာရင်းကနေ ပယ်ဖျက်ပေးဖို့  ရဲမှူးကြီးဝင်းမင်းသိန်းက ဒီကနေ့ ဇန်န၀ါရီ ၁၈ ရက်မှာ ရုံးတော်ကို စာရေးသားတင်ပြလိုက်တာကြောင့် ပယ်ဖျက်ပေးခဲ့တာပါ။

ဦးကိုနီအသတ်ခံရမှုပတ်သက်လို့ စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းဇော်က ရဲမှူးကြီးနဲ့ သူ့ရဲ့သားတို့ အလုပ်ကိစ္စနဲ့တွေ့ဆုံဖို့ အောင်ဝင်းခိုင်ရဲ့ ချိတ်ဆက်ပေးမှုကနေတဆင့် လေဆိပ်ကို သွားရောက်တာဖြစ်တယ်လို့ ထွက်ဆိုထားတာကြောင့် တရားခံပြသက်သေစာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။

အခင်းဖြစ်တဲ့အချိန်က ရဲမှူးကြီးကလေဆိပ်မှာ တာဝန်အရှိဆုံးသူဖြစ်သလို သေဆုံးသူ ဦးကိုနီရဲ့ရုပ်အလောင်းနားလာပြီး စစ်ဆေးတာတွေပါ လုပ်ဆောင်ခဲ့သူဖြစ်လို့  သက်သေစာရင်းက ပယ်ဖျက်လို့ မရကြောင်း တရားခံရှေ့နေဦးအောင်ခိုင်က တင်ပြခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးကတော့ ရဲမှူးကြီးဝင်းမင်းသိန်းကို အကြိမ်ကြိမ်ဆင့်ခေါ်ခဲ့ပြီးဖြစ်သလို သက်သေစာရင်းက ပယ်ပေးဖိုတင်ပြထားတဲ့အတွက်  တရားခံအတွက် အကျိုးကို ထောက်ပံ့ပေးနိုင်မယ့်သူ မဟုတ်တာကြောင့် ထပ်မံဆင့်ခေါ်မှုကို ပယ်ချခဲ့ပါတယ်။

ရဲမှူးကြီးဝင်းမင်းသိန်းဟာ အောင်ဝင်းခိုင်နဲ့သာ ပတ်သက်မှုရှိပြီး အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နဲ့ ဆက်စပ်မှုမရှိတာကြောင့် အဓိကသက်သေမဟုတ်ဘူးလို့ ရုံးတော်ကိုတင်ပြခဲ့ပြီး တရားရုံးလက်စွဲ အပိုဒ် ၂၁၃(၈) ၊ ၆၃၂ (၁)/၃ တို့အရ ရဲမှူးကြီးကို ဆင့်ခေါ်စစ်ဆေးဖို့မသင့်ကြောင်းလည်း ဥပဒေအရာရှိက တင်ပြခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းဟာ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ၁၀၂ ကြိမ် မြောက်ရုံးချိန်းဖြစ်ပြီး ဇေယျာဖြိုးနဲ့ပတ်သက်လို့ ကျန်နေတဲ့ တရားခံပြသက်သေ တဦးကို စစ်ဆေးခဲ့ပါတယ်။

ဒီအမှုအတွက်အပြီးသတ် လျှောက်လဲချက်ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ နှစ်ဖက်ကြားနာဖို့ ရုံးတော်က ချိန်းဆိုထားပါတယ်။

ဦးကိုနီကို သေနတ်ပစ်သတ်ခဲ့တဲ့ကြည်လင်းကို ရာဇသတ်ကြီး ပုဒ်မ၃၀၂၁(ခ)/၃၄အပြင် တက္ကစီမောင်းသမား ကိုနေဝင်းကိုသတ်ခဲ့တဲ့အမှုအတွက် ပုဒ်မ ၃၀၂(၂)၊ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ထားတာပါ။

အောင်းဝင်းဇော်ကိုတော့ ပုဒ်မ၃၀၂(၁) ခ/၃၄နဲ့ စွဲချက်တင်စစ်ဆေးနေသလို ဇေယျာဖြိုးကိုလည်း ပုဒ်မ ၃၀၂(၁)ခ /၁၀၉ နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ထားပြီး ငွေကျပ်သိန်း ၅၀၀နဲ့ အာမခံပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013