
မတရားသင်းဆက်သွယ်မှုနဲ့ ကချင်ပြည်နယ်၊ မိုးညှင်းအချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး အပါအ၀င် သုံးဦးကို မိုးညှင်းမြို့နယ် တရားရုံးမှာ မနေ့က စတုတ္ထအကြိမ်ရုံးထုတ် ပါတယ်။
တရားရုံးကို လာရောက်တဲ့ ဦးအောင်ဆွေဦးကို မိတ်ဆွေအပေါင်းအသင်းတွေက စကားပြောဖို့နဲ့ အစားသောက်တွေပေးခွင့်မရဘူးလို့ ABSDF အဖွဲ့ဝင်ဟောင်းဦးစိန်အေးက ပြောပါတယ်။
“တရားခံမဟုတ်သေးတဲ့ တရားရင်ဆိုင်နေတဲ့ အမှုသည်အပေါ် တရားရုံးအချုပ်မှာ စကားပြောခွင့်နဲ့ အစားအသောက်မကျွေး မပေးရတဲ့အတွက် လူတဦးရဲ့ အခွင့်အရေး ပေးသင့်တယ်။ သူတို့ကို စကားပြောခွင့်မရခဲ့ဘူး”
ABSDF အဖွဲ့ဝင်ဟောင်း ဦးတိုးမြင့်ကလည်း “တရားမျှတမှုကို ရဲအလိုက် တရားရုံးအလိုက် အဆင့်အတန်း မြင့်စေချင်တယ်။ အခွင့်အရေးခွင့်ပြုချက်ပေးစေချင်တယ်။ စကားပြောခွင့်မရဘူး။ ဆုံးရှုံးတယ်လို့ထင်တယ်။ ABSDFဟာ ငြိမ်းချမ်းရေးအတွက် အန်စီအေ လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးကို လက်တွဲ လုပ်နေတာပါ” လို့ပြောပါတယ်။
ငြိမ်းချမ်းရေးကို အစိုးရ၊ ပြည်သူလူထု၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ လက်တွဲဆောင်ရွက်မှ ရမယ်လို့ ဦးအောင်ဆွေဦးက ပြောသွားပါတယ်။
မနေ့က ရုံးထုတ်ရာမှာတော့ တရားလိုပြသက်သေ ၁၁ဦးထဲက စီအိုင်ဒီ ဒုရဲအုပ် သန်းထိုက်လွန်းကို စစ်ဆေးခဲ့ပြီး သက်သေ ၃ယောက်ပြီးသွားပြီလို့ အမှုလိုက် ရှေ့နေဦးတင်လှို င်ကပြောပါတယ်။ နောက်တပတ်ရုံးချိန်းကိုတော့ ဇန်န၀ါရီ ၂၅ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။
မိုးညှင်းမြို့ အရှေ့စုရပ်ကွက်က ABSDF အဖွဲ့ဝင်တဦးရဲ့ နာရေး လာရောက်ရာမှာ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့တဲ့အတွက် ဦးအောင်ဆွေဦး အပါအ၀င် သုံးယောက်ကို ဖမ်းဆီးခဲ့ပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့် စစ်ဆေးနေတာပါ။
သတင်း-ဓာတ်ပုံ- မုန်းမုန်းမင်း











