DVB Logo
Home
မြန်မာသတင်း
ခိုလှုံလီရှောကျေးရွာများတွင် ရွာသားများကို တအာင်းတပ်ဖွဲ့က ဖမ်းဆီး ဆက်ကြေးတောင်းနေ
DVB
·
January 18, 2019
ခိုလှုံလီရှောကျေးရွာများတွင် ရွာသားများကို တအာင်းတပ်ဖွဲ့က ဖမ်းဆီး ဆက်ကြေးတောင်းနေ
Donate to DVB

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ထဲက ခိုလှုံလီရှောကျေးရွာတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က တအာင်းပလောင်အဖွဲ့က ဒေသခံရွာသားတွေကို ဖမ်းဆီးပြီး ငွေကြေး တောင်းခံမှုတွေ ရှိနေတယ်လို့ ခိုလှုံလီရှောဒေသ ယဉ်ကျေးမှုအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်ကစပြီး နမ့်ခမ်းမြို့နယ်ရှိ ခိုလှုံလီ​ရှောတိုင်းရင်းသားတွေ နေထိုင်တဲ့ မန်းမိုင်​၊ မောက်​​စောက်​ဖျင့်​နဲ့ တာကွန်​ရွာသုံးရွာက ဒေသခံရွာသား ၁၈ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေကို ကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းတာလို့ ခိုလှုံလီရှောဒေသ ယဉ်ကျေးမှုအဖွဲ့ဝင် မသိမ့်က ပြောပါတယ်။

“သူတို့က ကျမတို့ ခွန်လုံလီရှောရွာ မန်းမိုင်ရွာ၊ တာကွန်အုပ်စုရွာ၊ ပန်းဆေးရွာ အဲလို ရွာတွေကို အင်အား ၁၀၀ ကျော်လောက်နဲ့ ၀င်ဝိုင်းတာလေ။ ၀ိုင်းပြီးမှ ရွာသားတွေကို အိမ်ထဲကနေ ဖမ်းသွားတာလေ။ အိမ်ထဲကနေ ပြန်ပေးဆွဲပြီးတော့မှ တယောက်ကို ကျပ်သိန်း ၅၀  ကနေ အခု ကျတော့ ကျပ်သိန်း ၃၀ နဲ့ ရွေးလာရတာ။ အသက် ၉၀ အဖိုးကြီးဆိုရင် ကျမတို့တောင် ပိုက်ဆံပေးပြီး သွားကယ်လာရတာလေ။ အဲဒီအဖိုးကြီးဆိုရင် လမ်းမလျှောက်နိုင်တော့ဘူးလေ။ ဆိုတော့ သူတို့သွားလေရာကို ဆိုင်ကယ်နောက်ကနေ ဆွဲသွားတာလေ။ အဲဒါ ခြေတောက်တွေ စုတ်ပြတ်သတ်ပြီးတော့ နန်းခမ်းမှာဆေးကုသနေတာ။ ”

အဲဒီလိုဖမ်းဆီးခေါ်ဆောင်ခံရသူတချို့ ပြန်လွတ်လာပြီဖြစ်ပေမယ့် ရွာသား ၁၁ ယောက်ကတော့ ကျန်ရှိနေဆဲပဲလို့လည်း ပြောပါတယ်။

“ ပြန်လွတ်လာတဲ့လူတွေကတော့ လေးငါးယောက်ပဲ ရှိသေးတယ်။ ကျန်တဲ့ လူတွေကတော့ မတတ်နိုင်ဘူး။ တချို့တ၀က်ကလည်း ပိုက်ဆံစုပြီးပြီး သွားရွေးမယ်လုပ်တဲ့အခါ သူတို့ကလည်း အခြေအနေမကောင်းဘူး။ ဟိုသွားဒီသွား၊ သူတို့တပ်က ရွှေ့နေတာလေ။ ဟိုရွှေ့ဒီရွှေ့ဆိုတော့ သွားနေရာကို လိုက်ပြီးတော့မေးနေရာတာပေါ့။ သူတို့က သူပုန်ဆိုတော့ ဟိုရွှေ့ဒီရွေ့ ရွေ့နေတာလေ။ ရွှေ့နေတော့ သွားရွေးမယ့်ဟာတွေလည်း ရွှေ့မရဘူး။ ညညဆိုရင် ကြိုးချီထားတာတဲ့။ ထွက်လာတဲ့လူတွေက ပြောတယ်။ ”

အခုလိုလုပ်ဆောင်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၈ လလောက်ကလည်း ပလောင်တပ်ဖွဲ့က ကျောင်းသားတွေကို ခေါ်ဆောင်သွားခဲ့လို့  ရွာသားတွေက စုပေါင်းငွေထည့်ပြီး ပြန် ရွေးခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စ တအာင်းပလောင်အဖွဲ့ တီအန်အယ်လ်အေကို ဒီဗွီဘီက မေးမြန်းကြည့်တဲ့အခါမှာတော့ အဆိုပါ ဒေသတွေမှာ တီအန်အယ်အေအဖွဲ့က လှုပ်ရှားနေတာ ရှိပေမယ့် အခုလို ဖမ်းဆီးမှုကို တော့မသိရသေးဘူးလို့ ဗိုလ်ကြီး တာအိုက်ကျော်က ပြောပါတယ်။

“အဲဒီဟာတော့ ကျနော်တို့ မသိရဘူး။ ဒီလိုမျိုးဖမ်းပြီးတော့မှ ငွေကြေးတောင်းခံတာ ကလည်း ကျနော်တို့ မူဝါဒလည်း မရှိဘူး။ ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စကိုတော့ မသိရသေးဘူး  ရွာသားတွေ၊ လူထုတွေ ၀န်ထုတ်ဝန်ပိုးဖြစ်မယ့်ဟာ ငွေကြေးတောင်းခံခဲ့တာလည်း မရှိဘူး။ ”

နမ့်ခမ်းဒေသခံတွေရဲ့ ပြောဆိုချက်အရတော့ အဆိုပါ ပန်ဆေးပြည်သူ့စစ်တွေ နေထိုင်တဲ့နယ်မြေဟာ ဘယ်သူမှ ၀င်ထွက်သွားလာလို့မလွယ်ကူကြောင်းနဲ့ ဒီလို ဖမ်းဆီးမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကြားရသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013