DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ဟောင်း လွန်းမောင်ကို ဘီးလင်းတရားရုံးက ခြံမြေအမှု အနိုင်ပေး
DVB
·
January 18, 2019
ဗိုလ်ချုပ်ဟောင်း လွန်းမောင်ကို ဘီးလင်းတရားရုံးက ခြံမြေအမှု အနိုင်ပေး
Donate to DVB

အငြိမ်းစားဗိုလ်ချုပ် ဦးလွန်းမောင်နဲ့ ဒေါ်ချိုမာနွယ်ပါ ၃ ဦးရဲ့ ခြံမြေ တရားမကြီးမှုမှာ  မွန်ပြည်နယ်၊ ဘီးလင်းတရားရုံးက ဦးလွန်းမောင်ကို အနိုင်ပေးခဲ့တယ်လို့ တရားပြိုင်ဘက်က ပြောပါတယ်။

ဘီးလင်းမြို့နယ်တရားရုံးက ၂၀၁၇ ခုနှစ် တရားမကြီးအမှု အမှတ် ၉ နဲ့ ဒေါ်ချိုမာနွယ်၊ အမှတ် ၁၀ နဲ့ ဦးတင်စိန်၊ အမှတ် ၁၁ နဲ့ ဦးအောင်နိုင်တို့ကို တရားစွဲဆိုခဲ့ရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က တရားလို ဦးလွန်းမောင်ကို စရိတ်နဲ့တကွ အနိုင်ပေးခဲ့တာပါ။

ဘီးလင်းမြို့၊ ဘုရင့်နောင်ကွက်သစ်နေ တရားပြိုင် ဦးတင်စိန်က “ရုံးအဆင့်ဆင့် အထက်လူကြီးတွေက ထောက်ခံပေးတယ်။ အဲဒီထောက်ခံချက်တွေကို အသိအမှတ်မပြုဘဲနဲ့ အခုလိုမျိုး တရားရုံးကနေပြီးတော့ ဥပက္ခာပြုပြီး ဦးလွန်းမောင်ကိုပဲ တရားရုံးတော်က အနိုင်ပေးတယ်" လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အထက်တရားရုံး အဆင့်ဆင့်မှာ အယူခံဆက်တက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဘီးလင်းမြို့၊ ဘုရင့်နောင်ကွက်သစ်နေ တရားပြိုင် ဒေါ်ချိုမာနွယ်က “တရားရုံးကို ရင်ဆိုင်တော့လည်း ကျမတို့က အရှုံးကြီးပဲ ခံနေရတယ်။ အဲဒါကို ကျမတို့က အထက်လူကြီးတွေဆီကို သိစေချင်တယ်။ ကွဲလွဲနေတဲ့ဟာတွေ နောက် ကျမတို့က မြေစာရင်းရုံးကိုလည်း ပုံစံ ၇ ရဖို့ လျှောက်တယ်။ ကျမတို့မရဘူး။ ဗိုလ်ချုပ်လွန်းမောင်မိသားစုက ကန့်ကွက်ထားတယ်။ ကျနော်တို့ ထုတ်မပေးရဲပါဘူးလို့ ပြောတယ်" လို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက်က ပြည်ထောင်စုစာရင်းစစ်ချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးလွန်းမောင်က ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက် ကွင်းအမှတ် OSS-၆၈၊ မြေဧရိယာ ၄၂ ဒသမ ၄၇ ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒီမြေကွက်တွေမှာ ၁၉၉၉ ခုနှစ်က ရာဘာနဲ့ တခြား နှစ်တို နှစ်ရှည် စားပင်သီးပင်တွေ စိုက်ပျိုးလုပ်ကိုင်နေရာက ခြံမြေထဲ ကျူးကျော်ဝင်ရောက် စိုက်ပျိုးရေး ဝင်ရောက်လုပ်ကိုင်နေသူ ၃ ဦးကို ထွက်ခွာဖယ်ရှားပေးဖို့ ဦးလွန်းမောင်ရဲ့ ကိုယ်စားလှယ် ဇနီး ဒေါ်မြမြစိန်က ၂၀၁၇ ခုနှစ်မှာ တရားမကြီးမှုနဲ့ တရားစွဲဆိုခဲ့ရာမှာ တရားရုံးက အနိုင်ပေးခဲ့တာပါ။

ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ကွင်းအမှတ် OSS-၆၈၊ ဆရာစံကွင်း ဦးပိုင်အမှတ် N/၇၂ မြေပေါ်မှာ ၁၉၉၀ ပြည့်နှစ်ကတည်းက လုပ်ပိုင်ခွင့်ရရှိထားတဲ့ ဒုဗိုလ်မှူးကြီး စံအောင်မြင့်ရဲ့ သားဖြစ်သူထံကနေ ၂၀၀၄ ခုနှစ်က ဒေါ်ချိုမာနွယ်က တရားဝင်ဝယ်ယူခဲ့ပြီး သစ်တောပိုင် မြေလွတ်မြေရိုင်းပေါ် ၁၉၉၅ ခုနှစ်လောက်က ဦးတင်စိန်၊ ၂၀၀၆ ခုနှစ်မှာ ဦးအောင်နိုင်တို့က ရာဘာ စိုက်ပျိုးလုပ်ကိုင်နေတာပါ။

ဒီရာဘာစိုက်ခင်းတွေဟာ ကန်သာယာရပ်ကွက်ရှိ ၄၂ ဒသမ ၄၇ ဧကမြေဧရိယာထဲမှာ ပါဝင်တယ်ဆိုပြီး ဦးလွန်းမောင်က တရားစွဲဆိုခဲ့တာလို့လည်း တရားစွဲဆိုခံရသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီက သွားရောက်မေးမြန်းရာမှာ ဘာမှမပြောချင်တဲ့ အကြောင်းနဲ့ တရားရုံးကို မေးမြန်းတာ အကောင်းဆုံးပဲလို့ အငြိမ်းစားဗိုလ်ချုပ် ဦးလွန်းမောင်က ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013