
မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသားတွေအပါအ၀င် အကျဉ်းသား ၅၁၄ ဦးကို နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွှတ်ပေး လိုက်တဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လည်လွတ်မြောက်လာပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (က) နဲ့အညီ အကျဉ်းသား ၅၁၄ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ သမ္မတက လွတ်ငြိမ်းခွင့် ပေးလိုက်တာဖြစ်ပါတယ်။
[caption id="attachment_30912" align="alignleft" width="264" caption="ဦးရွှေထူး(အလယ်)"]
[/caption]
ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ဒီဗွီဘီက ရရှိထားတဲ့ စာရင်းတွေအရ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၈၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။
အင်းစိန်အကျဉ်းထောင်က ၈ ဦး၊ မန္တလေး အိုးဘိုအကျဉ်းထောင်က ၄၇ ဦး၊ တောင်ငူထောင်က ၂၆ ဦး၊ သာယာဝတီထောင်အပါအ၀င် တခြားပြည်နယ်နဲ့တိုင်းအသီးသီး အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသားအားလုံး ၈၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “အခုလွတ်လာတဲ့ထဲမှာ ၈၀ ကျော်လောက် နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်လို့သိရတယ်။ အဲထဲမှာ နှစ်ရှည်အကျဉ်းသားတွေပါတဲ့အတွက် ၀မ်းသာတယ်။ ဒါပေမယ့် အများစုကကျန်နေသေးတယ်။ အများစုအတွက်တော့ ကျနော်တို့ အတော်ခံစားရပါတယ်။ သူတို့ခမျာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပါဝင်ခဲ့လို့ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရ အခု ငြိမ်းချမ်းရေးတွေ ဆွေးနွေးနေပြီ။ တချို့ တရားဝင်ရုံးဖွင့်နေကြပြီ။ အခုလို အခြေအနေမျိုးမှာ အဲအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့လူတွေ၊ ပါဝင်ခဲ့မိတဲ့သူတွေဟာ ထောင်ထဲမှာ မရှိသင့်တော့ပါဘူး။ ဒါဟာ နိုင်ငံရေးအရဖြစ်လာတဲ့ နိုင်ငံရေးအကျဉ်းသားပါ။ ဘယ်လိုပဲ ငြင်းပယ်ငြင်းပယ် ကျနော်တို့ဘက်ကတော့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေလို့ အားလုံးကို သဘောထားတယ်။ ဒါကြောင့် သူတို့လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီး ကြိုးစားရမယ်။ ဒါပေမယ့် လွှတ်ပေးတာကို ၀မ်းသာပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀တွေကို လှန်ဖဲတချပ်လို ဘယ်သူကမှ ကိုင်မထားစေချင်ပါဘူး” လို့ ပြောပါတယ်။
တောင်ကြီးထောင်မှာ ထောင်ဒဏ် ၄၂ ကျခံနေရတဲ့ နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးလည်း ပြန်လည်လွတ်မြောက်ပါတယ်။
ပြန်လွတ်လာတဲ့အပေါ် ဦးရွှေထူးက “တကယ်က ကျနော်တို့က လွတ်သင့်တာ ကြာပါပြီ။ ဒါပေမယ့် အကြောင်းတရားတွေက.ဘာတွေက နှောင့်နှေးနေလဲတော့ မသိပါဘူး။ ဘာလို့လဲဆို ကျနော်တို့ကို ဖမ်းတာက ထောက်လှမ်းရေးတွေက ဖမ်းတယ်။ တပ်ချင်တဲ့ပုဒ်မတွေ တပ်တယ်။ နှစ်ပေါင်းများစွာ ထောင်ထဲမှာထည့်ထားတယ်။ လွှတ်ရမယ့်အခါကျတော့မှ ဟိုပုဒ်မကြောင့် ဒီပုဒ်မကြောင့်ဆိုပြီး နှောင့်နှေးအောင် လုပ်ထားတယ်။”
ဦးရွှေထူးကို ၅ ည၊ ၁၇ (၁)၊ ၁၂၄ (က) အစရှိတဲ့ပုဒ်မတွေနဲ့ ၁၉၉၈ ခုနှစ်ကတည်းက ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတွင်း တရားမ၀င်ဝင်ရောက်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေ နဲ့ ကော့သောင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးထဲက မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတွေနဲ့ ပတ်သက်မှုမရှိတဲ့ ၈၃ ဦးလည်း ပြန်လွတ်လာပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ
Read more











