DVB Logo
Home
မြန်မာသတင်း
ပါတီခွင့်ပြုချက်မရှိပဲ စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်ပါက အန်အယ်လ်ဒီပါတီမှ နုတ်ထွက်ရမည်
DVB
·
January 17, 2019
ပါတီခွင့်ပြုချက်မရှိပဲ စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်ပါက အန်အယ်လ်ဒီပါတီမှ နုတ်ထွက်ရမည်
Donate to DVB

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီဝင်တွေအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင် ရွေးကောက်ခံနိုင်တဲ့အကြောင်းနဲ့ ပါတီရဲ့ အတည်ပြုချက်မယူဘဲ ၀င်ပြိုင်ရင် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ရမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကြေညာပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို လာမယ့် မတ်လ ၃၁ ရက်မှာ  ကျင်းပသွားမှာပါ။

အဲဒီရွေးကောက်ပွဲကို လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေကိုတော့ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကိုပြောပါတယ်။

“အရည်အချင်းသတ်မှတ်ချက်ကတော့ နဂိုအတိုင်းပါပဲ။ ပါတီဝင်ဖြစ်ရမယ်ဆိုတာ တခုပဲရှိတယ်။ ပါတီကရွေးချယ်တဲ့သူသာ ပါတီကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နိုင်မယ်။ ဗဟိုအထိ တက်ရမှာခင်ဗျ။ ဘာလို့လဲဆိုတော့ ကိုယ့်မြို့နယ်ထဲမှာ ရန်ကုန်တိုင်းဆိုတော့ ပိုပြီးတော့ မြို့နယ်ချင်းက ပိုပြီးနီးစပ်နေတော့လေ။ ရွေးချယ်တဲ့အခါမှာ အဆင့်ဆင့်တက်လာပြီးတော့ မြို့တော်ကော်မတီဝင်အထိ ဖြစ်နိုင်တာဆိုတော့ မြို့နယ်ပေါင်းစုံကလာတာကို ဗဟိုကပဲ ကိုယ်စားလှယ်လောင်းရွေးချယ်ပြီး အဲ့ကနေပဲရွေးချယ်ပါမယ်”

ပါတီကအတည်ပြုပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အဖွဲ့ချုပ်ရဲ့ တံဆိပ်၊ အလံ၊ ဓာတ်ပုံနဲ့ အထိမ်းအမှတ်ပစ္စည်းတွေကို အသုံးပြုခွင့်ပေးမယ်လို့ ဆိုပါတယ်။

ပါတီရဲ့အတည်ပြုချက်ယူတာမရှိပဲ ဝင်ပြိုင်မယ့်သူတွေကတော့ ပါတီကနေ နှုတ်ထွက်ရမယ်လို့ လည်း ဦးမျိုးညွန့်ကပြောပါတယ်။

“ပါတီက ရွေးချယ်တဲ့သူသာပါတီကို ကိုယ်စားပြုပြီးယှဉ်ပြိုင်နိုင်မယ်။ ပါတီက ရွေးချယ်တာဖြစ်တဲ့အတွက် အခြားပါတီဝင်ဟာ တသီးပုဂ္ဂလဝင်ပြိုင်ခွင့်မရှိပါဘူး။ ယှဉ်ပြိုင်ချင်ရင်တော့ ပါတီကနုတ်ထွက်ပြီး သီးခြားယှဉ်ပြိုင်လို့ရပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ပါတီဝင်အချင်းချင်း ရွေးချယ်တဲ့သဘောမျိုးဆိုရင် ပါတီဝင်အချင်းချင်းစိတ်ဝမ်းကွဲမှာစိုးလို့ပါ။”

စည်ပင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာကိုတော့ ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၈ ရက်အထိသတ်မှတ်ပေးထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီမှုရှိမရှိ စိစစ်တာကိုတော့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်တွေက ပြုလုပ်မယ်လို့ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်ကပြောပါတယ်။

“သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီမှုရှိ၊ မရှိကိုတော့ မြို့နယ်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်က သူတို့ရဲ့လျှောက်လွှာကို စိစစ်မှာဖြစ်ပါတယ်။ လျှောက်လွှာ စိစစ်တဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ကနေပြီးတော့ သူတို့ကိုဖိတ်ကြား ပါလိမ့်မယ်။ ဖိတ်ကြားတဲ့အခါမှာ မပျက်မကွက်သွားရောက်ပြီးတော့ မိမိရဲ့လျှောက်လွှာကို တာဝန်ခံမှု ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။”

ခုတကြိမ် ကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန် အဖြစ်ခန့်အပ်ခံရမယ့်သူအပါအဝင် ပြည်သူရွေးချယ်တဲ့ ကိုယ်စားလှယ်ပေါင်း ၁၀၅ ဦးအထိ ရွေးချယ်သွားမှာဖြစ်ပြီး နေရာအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင် သွားဖို့ရှိနေပါတယ်။

ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံရမယ့်သူအပါအ၀င် ကော်မတီဝင် ခြောက်ဦးနေရာအတွက် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ်လူဦးရေအလိုက် မြို့နယ်ခြောက်စုခွဲပြီး မဲဆန္ဒနယ် နယ်မြေ သတ်မှတ်ရွေးချယ်သွားမှာပါ။

အခုရွေးကောက်ပွဲမှာ မြို့နယ်အဆင့်အတွက် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်မှာ တမြို့နယ်ကို မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာ အဖွဲ့ဝင် ၁ နဲ့ မြို့နယ်စည်ပင်သာယာ ၂ ဆိုပြီး သုံးဦး စုစုပေါင်း ၉၉ ဦးရွေးချယ်ကြမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013