ဦးနှောက်ဆဲလ်တွေကို အလင်းနဲ့ထိန်းချုပ်ပြီး ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ လေ့လာနိုင်တဲ့ နည်းပညာကို ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင် ၃ ယောက် ၂၀၂၆ ခုနှစ် ဆေးပညာနိုဘယ်လ်ဆု ရရှိခဲ့ပါတယ်။
ဆုရသူတွေက အမေရိကန် သိပ္ပံပညာရှင် ကားလ် ဒိုင်ဆဲရော့၊ ဂျာမန်သိပ္ပံပညာရှင်တွေဖြစ်တဲ့ ပီတာ ဟေဂမန်းနဲ့ ဂီယော့ဂ် နာဂယ်တို့ ဖြစ်ပါတယ်။
သူတို့ရဲ့ Optogenetics နည်းပညာက အလင်းကိုသုံးပြီး ဦးနှောက်ထဲက အာရုံကြောဆဲလ်တချို့ကို လှုပ်ရှားစေသလို ရပ်တန့်စေနိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။
ဒီနည်းနဲ့ ဘယ်အာရုံကြောဆဲလ်တွေက မှတ်ဉာဏ်၊ ခံစားချက်နဲ့ အပြုအမူတွေကို ဖြစ်ပေါ်စေသလဲ ပိုတိတိကျကျ လေ့လာနိုင်လာပါတယ်။
ဒီနည်းပညာရဲ့ အစကတော့ ရေညှိမှာရှိတဲ့ အလင်းကို တုံ့ပြန်နိုင်တဲ့ ပရိုတိန်းတမျိုးကို ဟေဂမန်းနဲ့ နာဂယ်တို့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဒိုင်ဆဲရော့က ဒီပရိုတိန်းကို ဦးနှောက်အာရုံကြောဆဲလ်တွေမှာ ထည့်သုံးပြီး အလင်းနဲ့ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။
“Optogenetics ဟာ ဦးနှောက်အပေါ် ကျနော်တို့ရဲ့ နားလည်မှုကို အခြေခံကနေ ပြောင်းလဲပစ်ခဲ့ပါတယ်” လို့ နိုဘယ်လ် အကဲဖြတ်အဖွဲ့က ပြောပါတယ်။
အခုဆိုရင် ဒီနည်းကို စိတ်ကျန်းမာရေးနဲ့ အာရုံကြောရောဂါတွေ လေ့လာရာမှာ အသုံးပြုနေသလို မျက်စိကွယ်သူတချို့ အမြင်အာရုံ ပြန်ရစေဖို့လည်း စမ်းသပ်နေပါတယ်။
ဆုရှင်သုံးယောက်ဟာ ဆုကြေး ဆွီဒင်ခရိုနာ ၁၂ သန်း၊ လက်ရှိငွေလဲနှုန်းနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနီးပါးကို အညီအမျှ ခွဲဝေရရှိမှာ ဖြစ်ပါတယ်။











