DVB Logo
Home
မေးမြန်းခန်း
ငြိမ်းချမ်းစွာ အတူတကွ ဆန္ဒဖော်ထုတ်ဖို့ လိုအပ်လာပြီ
DVB
·
September 17, 2012
ငြိမ်းချမ်းစွာ အတူတကွ ဆန္ဒဖော်ထုတ်ဖို့ လိုအပ်လာပြီ
Donate to DVB

ဦးမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ စစ်မက်ဖြစ်ပွားရာ ကချင်ပြည်နယ် ဖားကန့်မြို့ကို ရောက်ရှိပြီး ဒေသခံတွေနဲ့အတူ “စစ်ပွဲရပ်တန့်ရေး” လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ကမ်ပိန်းကို ဒီနေ့ စတင်လိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဟာ တိုက်ပွဲဖြစ်ရာလမ်းတလျှောက်မှာ ကချင်လွတ်လပ်ရေး တပ်မတော်က ရဲဘော်တွေက ကူညီဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

ဖားကန့်ခရီးစဉ်နဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုကို မေးမြန်းထားပါတယ်။



[caption id="attachment_24913" align="alignleft" width="300" caption=" ကိုပြုံးချို"][/caption]

ကိုပြုံးချိုတို့ မြန်မာပြည်မှာ အခုလောလောဆယ် စစ်တိုက်တဲ့နေရာ အပြင်းဆုံးရောက်နေ တယ်၊ ရေကြီးတဲ့နေရာလည်းရောက်နေတယ်။ ဘာတွေဆွေးနွေးကြလဲ။

“ကျနော်တို့ဟာ ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့  ဘ၀လုံခြုံမှု၊ ငြိမ်းချမ်းမှုရရှိဖို့အတွက် သူတို့ဆန္ဒနဲ့တကွ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲမယ်၊ ရေတွေကြီးမယ်၊ စစ်နဲ့ သေနတ်သံတွေကြားနေရတယ် ဆိုပေမယ့်လည်း ဒီမြို့ကိုတောင့်ခံပြီး ရပ်တည်နေကြတဲ့ မြို့ခံတွေ၊ တိုင်းရင်းသားပြည်သူတွေနဲ့ နောက် ဘာသာအသီးသီးက ရဟန်းတော်တွေ၊ သိက္ခာတော်ရဆရာတော်တွေနဲ့ ပူးပေါင်းပြီး ဒီဒေသငြိမ်းချမ်းဖို့အတွက် အခုဆိုရင် အတူဆန္ဒပြုကြဖို့ စုရုံးပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲ လုပ်ဆောင်နေကြပါတယ်။”

တလောတုန်းက သမ္မတဦးသိန်းစိန်ကနေ ကချင်ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့နဲ့က နေရာပေါ့ တရုတ်ပြည်၊ မူဆယ် စသဖြင့် အပြန်အလှန် ညှိရင်းနဲ့အဆင်မပြေကြတော့ နေပြည်တော်မှာလာဆွေးနွေးကြလို့ ပြောတယ်ဆိုတော့ ကိုပြုံးချိုတို့ရဲ့ ခရီးစဉ်ကရော ကေအိုင်အိုခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေကြားမှာ ဆွေးနွေးဖို့ဘယ်လောက် အထောက်အကူပြုနိုင်ပါလဲ။ ဘာတွေများ အဖြေတွေ့လဲ။

“လက်ရှိအခြေအနေကိုလည်း အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါကို ဘယ်လို အရေးတကြီးဖြေရှင်းသင့်တယ် ဆိုတာလည်း အားလုံးသိမှာပါ။ ကျနော်တို့ ဒီဒေသကို ရောက်တဲ့အခါမှာ မိဘပြည်သူတွေ၊ ဒေသခံတွေနဲ့ တွေ့တဲ့အခါ တကယ်ကိုအရေးတကြီးလိုအပ်နေတာဟာ စစ်မက်တွေရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်တယ်။ ဒါကြောင့် အားလုံးရဲ့ဆန္ဒဖော်ထုတ်နိုင်တဲ့ ပုံသဏ္ဌာန်မျိုး ဒီမှာ အားလုံးသိအောင်၊ မြန်မာနိုင်ငံ တခုလုံးကရော၊ ပြင်ပကမ္ဘာ့နိုင်ငံတွေပါ သိအောင် ကျယ်ကျယ်လောင်လောင် ဖော်ထုတ်နေပြီဖြစ် တယ်။ ဆိုတဲ့အတွက် ကျနော်တို့နိုင်ငံသားတွေ၊ ပြည်သူလူထုတွေ လိုလားတောင့်တနေတဲ့၊ နောက်ပြီး ခေတ်ပြောင်း၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အချိန်၊ စနစ်ပြောင်းလုပ်တဲ့အချိန်မှာ ငြိမ်းချမ်းရေးဟာ တကယ်လိုအပ်နေတာ ဒီကိစ္စကို ဖော်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်တယ်။ တာဝန်ရှိတဲ့သူတွေရော ဒီကိစ္စမှာ အပြုသဘောဆောင်ပြီး သတိဝီရိယရှိရှိနဲ့ ဖော်ဆောင်ပေးပါလို့ မေတ္တာရပ်ခံ ချင်တယ်။”

စစ်မက်ဖြစ်ပွားတဲ့နေရာတိုင်းမှာ တဖက်နဲ့တဖက် ခံယူချက်တွေ၊ ယုံကြည်ချက်တွေဆိုတာက သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြတယ်။ နောက်ကွယ်ကအကြောင်းအရာတွေများ ရှိသေးလား။ ကချင်တခုကကျန်နေတယ်။ စစ်ဖြစ်နေတဲ့နေရာမှာသွားလေ့လာတဲ့အခါ ဘာအကြောင်းအရာတွေကြောင့် ထဲထဲဝင်ဝင်ဖြစ်နေတာလဲ။

“ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်၊ တည်ဆောက်တော့မယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ နဲ့ ငြိမ်းချမ်းရေး စကားပြောတော့မယ်ဆိုရင် နိုင်ငံရေးအရအခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အရင်ဆုံးတည်ဆောက်ရမှာပါ။ ဒါတွေက ဘာလဲဆိုတော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းဆိုတဲ့ အခြေခံတရားတွေပေါ်မှာ လက်ခံပြီးတော့ တဖက်နဲ့တဖက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောပြီးတော့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် အကောင်းဆုံးပါပဲ။ တဖက်နဲ့တဖက် အပစ်အခတ်ရပ်စဲရေးကိစ္စတွေ၊ တပ်အနေအထားတွေကို သံသယပွားမယ်၊ စိုးရိမ်စိတ်ကြီးမားနေမယ်ဆိုရင် လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ဝေးနေဦးမှာဖြစ် သလို ငြိမ်းချမ်းရေးမရခင် ကြားကာလမှာ ခံစားနေရတဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသားဒေသက လူတွေအားလုံးရဲ့ စိုးရိမ်မှုတွေ၊ အကြောက်တရားတွေကြီးပြီးတော့ ဘ၀နေထိုင်မှုတွေပါ ထိခိုက်နိုင်တဲ့ ပုံစံမျိုးတွေပါ တွေ့နေရပါတယ်။ ”

ကိုပြုံးချိုတို့ ကချင်ပြည်နယ် ဖားကန့်ခရီးစဉ်နဲ့ပတ်သက်ပြီး အဓိက ကေအိုင်အေက ရဲဘော်တွေနဲ့၊ တပ်မှူးတွေနဲ့ရော တွေ့လား။

“ကျနော်တို့ ဖားကန့်ခရီးတလျှောက်မှာ တာဝန်ကျနေတဲ့ ကေအိုင်အေက တာဝန်ရှိတဲ့သူတွေ၊ ရဲဘော်တွေက ကျနော်တို့ခရီးလမ်းမှာ အဆင်ပြေပြေသွားနိုင်ရေးအတွက် သူတို့ ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဖားကန့်ဒေသကို ရောက်တဲ့အခါမှာ ဒေသခံတွေ၊ မိဘပြည်သူတွေအားလုံး၊ ရဟန်းတော်များ၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်များ၊ အဖွဲ့အစည်းအသီးသီးကသူတွေ၊ လူမှုရေးအသင်းအဖွဲ့ကသူတွေနဲ့ ကျနော်တို့အဖွဲ့အားလုံး ပူးပေါင်းပြီးတော့ တူညီတဲ့ဆန္ဒတွေ ဖော်ထုတ်နိုင်ဖို့ အားလုံး တွေ့ဆုံကြပါတယ်။ အဲဒီကနေ ကျနော်တို့ ရရှိတာက ကျနော်တို့ ငြိမ်းချမ်းစွာ အတူတကွ ဆန္ဒဖော်ထုတ်ဖို့က လိုအပ်လာပြီ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဖားကန့်ဒေသ ငြိမ်းချမ်းဖို့၊ ကချင်ပြည်နယ် ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ဆိုပြီး ကျနော်တို့ ဆန္ဒတွေ ဖော်ထုတ်ကြ ပါတယ်။ အဲဒီအပြင် အတူတကွလက်တွဲပြီး လက်မှတ်ရေးထိုး ဆန္ဒတွေ ဖော်ထုတ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို မေတ္တာရပ်ခံတင်ပြသွားဖို့လည်း ကျနော်တို့ လုပ်ဆောင်ပြီးသွားပါပြီ။ ”

နောက်ဘယ်နှရက်လောက် ကြာဦးမလဲ။

“ဒီည ဒီမှာအိပ်ပြီး မနက်ဖြန် မိုးကောင်းကို သွားမှာပါ။ ထူးခြားချက်တခုက ကျနော်တို့ ဒီကိုရောက်တုန်း ၈၈ မျိုးဆက်ကျောင်းသားတွေ ၅ ယောက် အတူတကွ ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ပန်းချီကားချပ်ကို ပြီးသွားပါပြီ။ အခု ဒီဒေသခံတွေနဲ့ အကုန်စုဝေးပြီးတော့ မှတ်တမ်းဓာတ်ပုံ ရိုက်ပြီးသွားပါပြီ။”

ပထမ ၈၈ ခေါင်းဆောင်တသုတ်က သွားပြီးသွားပြီ။ အခုက ဒုတိယအသုတ်မဟုတ်ဘူးလား။

“ကျနော်တို့ ဖားကန့်ဒေသက လတ်တလောမှာ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေအရ မိဘပြည်သူများက ကျနော်တို့ကို ဖိတ်ကြားပါတယ်။ ဒီဒေသမှာရှိတဲ့ အခြေအနေကို သိရှိအောင်အတွက် ကျနော်တို့ကို လှမ်းအကြောင်းကြားတဲ့အတွက် ကျနော်တို့ အတားအဆီးအမျိုးမျိုး ရှိနေတဲ့ကြားကပဲ မရောက်ရောက်အောင် လာခဲ့တာပါ။ လာခဲ့တဲ့အလျောက်ပဲ ဒီမှာ လိုအပ်ချက်တွေ ကြီးမားနေတယ်။ ဆန္ဒဖော်ထုတ်မှုတွေ စုစည်းသင့်တယ်ဆိုတာ တွေ့နေရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013