DVB Logo
Home
မြန်မာသတင်း
မီးရထားရဲက ရိုက်နှက်သဖြင့် လူ ၁ ဦး သေဆုံး
DVB
·
September 17, 2012
Donate to DVB

ကချင်ပြည်နယ် ဟိုပင်မြို့နယ်မှာ မီးရထားရဲက ရိုက်နှက်တဲ့အတွက် အရပ်သား ၁ ဦး သေဆုံးခဲ့ ပါတယ်။

ဟိုပင်မြို့နယ် ရွာသစ်ကြီးကျေးရွာက ကိုမောင်ဦးဟာ နန်းခမ်းချိုတောင်ကနေ အလုပ်လုပ်ပြီး ပြန်လာစဉ် ဟိုပင် ဘူတာမှာ ငှက်ဖျားရောဂါ ပြန်ထလာလို့ ဖျားပြီး အိပ်နေတုန်း အဲဒီဘူတာက  တာဝန်ကျ မီးရထားရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ကျော်စိုးလွင်က စက်တင်ဘာ ၉ ရက်နေ့က ရိုက်နှက်ခဲ့တယ်လို့ သေဆုံးသူ ကိုမောင်ဦးရဲ့ ဇနီးဖြစ်သူ မ၀င်းကြည်က ပြောပါတယ်။

ကိုမောင်ဦးဟာ စက်တာလ ၁၃ ရက်နေ့ မိုးညှင်းဆေးရုံမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။

ဟိုပင်မြို့ဒေသခံ ဦးကျော်ငြိမ်းက “တပ်ကြပ်ကြီး ကျော်စိုးလွင်၊ သူက မူးလာပြီးတော့ ဒီကလေးကို ရန်ရှာတော့တာပဲ။ မောင်ဦးက အသက် ၂၉ နှစ်ပဲရှိပါသေးတယ်။ ထခိုင်းတယ် မောင်ဦးက မထနိုင်ဘူး၊ ဒီကောင်ကလည်း သေနတ်ကြီးနဲ့ ဘေးမှာလူတွေကလည်း မရှိကြဘူး။ ၁၁ နာရီဆိုတော့ လူခြေကလည်းတိတ်နေတယ်။ ဟိုပင်ဘူတာက ရုံပိုင်ကလည်း အဲဘူတာထဲမှာပဲ သူလည်းမြင်တယ်တဲ့။ ထခိုင်းတယ်၊ ဟိုကလည်း မထနိုင်၊  မထနိုင်ခြေထောက်နဲ့ကန်၊ ငါ့ဘာကောင်မှတ်လဲ ငါ့လက်ညှိုးကွေးလိုက်ရင် မင်းဘာဖြစ်သွားမလဲ သိလား ဆိုပြီး ဇွတ်ကန်နှိုး၊ ခြေထောက်နဲ့ ကန်လိုက် လဲသွားလိုက်၊ အဲလို ထခိုင်းလိုက်၊ မှောက်ခိုင်းလိုက်၊ ရိုက်နေတာဟာ ဘေးက ကောင်မလေးပြောတာ ၈၂ ချက်ရှိတယ်” လို့ ပြောပါတယ်။

ကိုမောင်ဦး သေဆုံးရတဲ့အတွက် ဟိုပင်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းတာကို လက်ခံလိုက်တယ်လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။

ဇနီးဖြစ်သူ မ၀င်းကြည်ကတော့ ဘယ်လိုညှိနှိုင်းဆောင်ရွက်တာမျိုးကိုမှ လက်သင့်မခံဘူးလို့ ဆိုပါတယ်။

လင်ယောက်ျားဖြစ်သူ သေဆုံးတဲ့အတွက် အမှန်တရားပေါ်ပေါက်ဖို့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ ကိုမောင်ဦးရဲ့ ဇနီး မ၀င်းကြည်က ဒီဗွီဘီကို ပြောဆိုသွားပါတယ်။

“ကျမယောက်ျားက သေသွားပြီဆိုတော့ သူတို့ ဘယ်လိုပဲညှိညှိလက်သင့်မခံဘူး။ အမှန်တရားအတိုင်း တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ပဲ လိုချင်တယ်။ လျော်ကြေးတွေဘာတွေလည်း ဘာမှ မလိုချင်ဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာလည်း အရပ်သား တဦးကို ရဲစခန်းအတွင်း ခေါ်ယူစစ်ဆေးမေးမြန်းစဉ်မှာ သေဆုံးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013