
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ၂၄ နာရီဖွင့်လှစ်ထားတဲ့ One Stop Mart စတိုးဆိုင်တခုကို ဇန်န၀ါရီ ၁၅ ရက် ည ၁၁ နာရီက မျက်နှာဖုံးစွပ် လူ ၂ ဦးက သေနတ်ကိုင်ဆောင်ကာ ဓားပြတိုက် လုယက်ခဲ့ပါတယ်။
ဓားပြတိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကာ အမှုဖွင့် အရေးယူထားပြီး ၂ ဦးလုံးက နယ်ခံတွေ မဟုတ်ဘူးလို့ ကျိုက်ထိုမြို့မရဲစခန်းမှူး ဒုရဲမှူး အေးမြင့်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာနေသူနဲ့ သန်လျှင်မြို့နယ် မှာ နေထိုင်သူတို့ ဖြစ်ကြပါတယ်။
အခင်းဖြစ်ပွားတဲ့ညက စတိုးဆိုင်က ငွေသားတချို့နဲ့ ဈေးဝယ်သူ အမျိုးသားတဦးရဲ့ ဆိုင်ကယ်ကို လုယူထွက်ပြေးသွားပြီး စတိုးဆိုင်ဝန်ထမ်းရဲ့ တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ တွေကို ကင်မွန်းချောင်းကျေးရွာအနီးနားမှာ ဖမ်းဆီးရမိခဲ့တာပါ။
ပြစ်မှုကျူးလွန်သူတွေ ယူဆောင်သွားတဲ့ ငွေသား ကျပ် ၂၂၀၀၀၀ ကျော်၊ AK 47 သေနတ်တလက်၊ ကျည်အတောင့် ၄၀ နဲ့ လုယူသွားတဲ့ ဆိုင်ကယ်တစီးကို ပြန်လည် သိမ်းဆည်းထားပြီး ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ကျိုက်ထိုမြို့မရဲစခန်းက အရေးယူ ထားပါတယ်။
သတင်း- အာကာမင်း
ဓာတ်ပုံ - ကျိုက်ထိုရဲစခန်း











