DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်တွင် တရားမဝင် ကညင်သစ် တန် ၅၀၀ ကျော် စံချိန်တင် ဖမ်းဆီးရမိ
DVB
·
January 16, 2019
ကသာမြို့နယ်တွင် တရားမဝင် ကညင်သစ် တန် ၅၀၀ ကျော် စံချိန်တင် ဖမ်းဆီးရမိ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် သစ်တောဦးစီးဌာနကနေ ဧရာဝတီမြစ်အတွင်း စုန်ဆင်းလာတဲ့ သစ်ဖောင်တွေကို စစ်ဆေးရာက တရားမဝင် ကညင်သစ် တန် ၅၀၀ ကျော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကနေ သစ်ဖောင်တွဲ ၁၅ တွဲနဲ့ မြစ်ကြောင်းအတိုင်း မျောလာတာဖြစ်ပြီး စစ်ဆေးချက်တွေအရ မန္တလေးအထိစုန်ဆင်းမှာလို့ သိရပါတယ်။

သစ်ဖောင်တွေကို ကမ်းကပ်ပြီး တပတ်ကြာ ဆယ်ယူတိုင်းတာချက်အရ လုံးပတ်၃ ပေအောက် သစ်လုံးရေ ၂၁၇ လုံး၊ ၆၅.၃၅၄ တန်နဲ့  သစ် ၂၃၃ လုံး၊ ၄၇၀.၂၆၆ တန် စုစုပေါင်း သစ်လုံးရေ ၄၅၀ လုံး၊ ၅၃၅.၆၂၀ တန်တို့ကို ဆယ်ယူရရှိထားပြီး နောက်ထပ်လည်း ရေထဲမှာ ဆယ်ယူစရာတွေ ကျန်နေသေးပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကသာမြို့နယ်မှာ ဒုတိယအကြိမ်ဖမ်းဆီးရမိတာဖြစ်ပြီး စံချိန်တင်ဖမ်းဆီးရမိမှုလည်းဖြစ်တယ်လို့ ကသာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်းက ပြောပါတယ်။

“ကသာခရိုင်အတွင်းမှာ ဖောင်တွဲတွေနဲ့ သစ်မျှောခွင့် ပိတ်ပင်ထားတယ်။ သက်ဆိုင်ရာ တာဝန်ခံတွေက ကွင်းဆင်းရာမှာ သစ်ဖောင်တွေတွေ့လို့ မသင်္ကာတာကနေ အခုလို တရားမဝင်သစ်တွေ ဖမ်းဆီးရမိတာပါ။ သစ်ဖမ်းမိတဲ့အချိန်မှာ ဖောင်လုပ်သားတွေက သစ်ဖောင်ချည်ထားတဲ့ ကြိုးတွေကို ဓားနဲ့ခုတ် ထွက်ပြေးတာတွေရှိခဲ့တယ်။ သစ်တော ဝန်ထမ်းတွေကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာရ တာတော့ မရှိခဲ့ပါဘူး။”

ဖောင်လုပ်သား ၂၀ ဦးလောက်ရှိတဲ့အထဲက  အဓိကတရားခံ ၃ ဦးကို သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ကျွန်းနှင့် တားမြစ်သစ်မှအပြင် အခြားသစ်ကို ခွင့်ပြုချက်မရှိဘဲ သယ်ယူခြင်း၊ ရွှေ့ပြောင်းခြင်းနဲ့ သစ်တောဥပဒေအရ ကသာမြို့မရဲစခန်းမှာ   အမှုဖွင့်ထားပါတယ်။

တိုင်းသစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့အထဲမှာ တရားခံ ၁၁၀၆ ဦး၊ ယာဉ်မျိုးစုံ ၁၃၂၈ စီး၊ ချိန်းဆော ၁၁၀ လုံး၊ သစ်စက် ၂၄၃ ၊ တူမီးသေနတ် ၂ လက်တို့ကို ဖမ်းဆီးရမိကာ သစ်လုံးတန် ၄၇၀၀ တန်ကျော်၊ သစ်ခွဲသား ၅၈၄၁ တန် စုစုပေါင်း ၁၀၆၆၈ တန်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013