DVB Logo
Home
Lead Story
အရှေ့မြောက်ဒေသက မြောင်ဇီး (သို့မဟုတ်) မှုန့်တိုင်းရင်းသား
DVB
·
January 16, 2019
အရှေ့မြောက်ဒေသက မြောင်ဇီး (သို့မဟုတ်) မှုန့်တိုင်းရင်းသား
Donate to DVB

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းမှာ ဌာနေတိုင်းရင်းသား လူနည်းစုဖြစ်တဲ့ မြောင်ဇီး (ခ) မှုန့်လူမျိုးတွေ အများဆုံး နေထိုင်လျက်ရှိပါတယ်။

သူတို့တွေဟာ မွန်ဂိုရီးယားအနွယ်ဝင်ဖြစ်ပြီး မွန်ဂိုရီးယားအင်ပါယာ ပျက်သုဉ်းကတည်းက မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ အခြေချနေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ရှေးယခင်အချိန်က မြောင်ဇီးလူမျိုးတွေဟာ တရုတ်နိုင်ငံဘက်ခြမ်း ကွေ့ကျင်းနယ်မှာ မှုန့်လူမျိုးအမည်နဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီလိုနေထိုင်လာရင်းက မြောင်ဇီး (ခ) မှုန့်လူမျိုး စော်ဘွားကြီးဖြစ်တဲ့ ရုပ်စုပေါဟာ ပန်းသေးစော်ဘွားကို စစ်ရှုံးခဲ့တာကြောင့် မူရင်းနေရပ်ကို စွန့်ခွာလာပြီး မြန်မာနိုင်ငံဘက်ခြမ်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက တာရွှေထန်၊ ကျာတိမော်၊ ရဲညိုပါ၊ ပါဝေ၊ မန်လော့၊ ပါမာချန် နယ်မြေတွေမှာ လာရောက်အခြေချ နေထိုင်လာခဲ့ကြပါတယ်။

“ကျနော်တို့ အဘိုးအဘွားတွေက အရင်ဆုံး ကိုးကန့်နယ်မှာ စပြီး နေထိုင်ကြတယ်။ နောက်ပိုင်း ကိုးကန့်နယ်နဲ့နီးစပ်တဲ့ ကွမ်းလုံမြို့နယ်တို့ သိန္နီမြို့နယ်တို့မှာ ပြောင်းရွှေ့နေထိုင်တယ်။ အဲ့ကနေ တဆတဆ အခြားနေရာတွေကို ပျံ့နှံ့နေထိုင်ခဲ့ကြတယ်။ ကျနော်တို့လူမျိုးက တနေရာတည်းမှာ အခြေချနေထိုင်တဲ့အလေ့ သိပ်မရှိကြဘူးဗျ” လို့ မြောင်ဇီး (ခ) မှုန့်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောပါတယ်။

မြောင်ဇီး (ခ) မှုန့်လူမျိုးဟာ ရွှေ့ပြောင်းနေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတစု ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘိုးဘွားတွေဟာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရလို့ စစ်မက်ကို မုန်းတီးခဲ့ကြပြီး လူသူအရောက်အပေါက်နည်းတဲ့ တောင်ပေါ်ဒေသတွေမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြပါတယ်။ အခုလက်ရှိ သူတို့တွေဟာ ကုန်ကြမ်း၊ လောက်ကိုင်၊ ကွမ်းလုံ၊ ဟိုပန်၊ သိန္နီ၊ လားရှိုး၊ မိုးကုတ်၊ မိုးနဲ၊ မိုင်းလား၊ မိုင်းစက်၊ မိုင်းနောင်၊ မိုင်းယောင်း၊ ခိုလန်၊ နောင်ချိုနဲ့ ဝေါလေမြို့နယ်တွေက ကျေးရွာတွေမှာ ပျံ့နှံ့ နေထိုင်နေကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မြောင်ဇီး (ခ) မှုန့်တိုင်းရင်းသား လူဦးရေဟာ ခုနှစ်သောင်းဝန်းကျင်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

“ကျနော်တို့လူမျိုးရဲ့ လူဦးရေကို အတိအကျ စာရင်းကောက်ထားတာတော့ မရှိသေးဘူးဗျ။ ခန့်မှန်းဦးရေဆိုရင် ခြောက်သောင်း ခုနှစ်သောင်းလောက်ပဲ ရှိမယ်။ ကွမ်းလုံမြို့နယ်မှာတော့ မြောင်ဇီးလူမျိုး ကိုးထောင်ကျော်ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

မြောင်ဇီးလူမျိုးတွေဟာ မိရိုးဖလာ ရွှေ့ပြောင်းနေထိုင်တဲ့ တောင်ပေါ်နေ တိုင်းရင်းသား ဖြစ်တာကြောင့် ပညာရေးဘက်မှာ အားနည်းကြပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ မြောင်ဇီးလူမျိုးတွေထဲမှာ (၁၀) တန်းအောင်သူ (၁၅) ယောက်သာရှိပြီး ဘွဲ့ရသူကတော့ (၁၀) ဦးနီးပါးပဲ ရှိပါတယ်။ သူတို့တွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းမှုတွေကတော့ အမဲလိုက်တာ၊ မွေးမြူရေးလုပ်တာနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်တာတွေ ဖြစ်ပါတယ်။

“အရင်တုန်းကတော့ အမျိုးသားတွေက ဒူးလေးနဲ့ အမဲလိုက်ကြတယ်။ အခုနောက်ပိုင်း တူမီးသေနတ်နဲ့ အမဲလိုက်တယ်။ အုပ်စုဖွဲ့လည်း အမဲလိုက်တယ်။ တယောက်တည်းလည်း အမဲလိုက်တယ်။ အုပ်စုဖွဲ့လိုက်ရင်တော့ ရတဲ့အသားကို ဝေစားကြတယ်။ အခုဆို ချေတကောင်ကို မြန်မာငွေ တသိန်းခွဲလောက်ရတော့ ရောင်းစားကြတယ်။ တောဝက်ရရင် ပိုအဆင်ပြေတယ်။ တောဝက်သားက ဈေးပိုကောင်းတယ်လေ” လို့ ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြောင်ဇီးဆိုတာ တရုတ်လူမျိုးတွေ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ဖြစ်ပြီး မြောင်ဇီးလူမျိုးတွေကတော့ သူတို့ကိုယ်သူတို့ မှုန့်လူမျိုးလို့ ခေါ်ဝေါ်အသုံးပြုကြပါတယ်။ မြောင်ဇီးလူမျိုး (ခ) မှုန့်မျိုးနွယ်တွေဟာ သူတို့ရဲ့ မျိုးနွယ်စုအမည်ကို နောက်မှာထားပြီး မှည့်ခေါ်ပါတယ်။ မြောင်ဇီးမျိုးနွယ်စုများမှာ ကျန်း၊ မွှာ၊ ထောင်၊ ရန်၊ ဟွာ၊ ဝမ် စသဖြင့် မှည့်ခေါ်လေ့ရှိပါတယ်။ မျိုးနွယ်စုတူတဲ့သူ အချင်းချင်း အိမ်ထောင်ပြုလို့ မရဘူးလို့ ဆိုပါတယ်။

“မွှာလူမျိုးဆိုရင် မွှာလူမျိုးတူချင်း အိမ်ထောင်ပြုလို့မရဘူး။ အခြားမျိုးနွယ် ဝမ်တို့ ရန်တို့ကို ယူရပါတယ်။ အိမ်ထောင်ပြုပြီး ကလေးယူလို့ သမီးတွေပဲမွေးရင် မျိုးဆက်ပျက်တယ်။ ကိုယ့်သမီးတွေကို အခြားလူမျိုးစုကို ပေးရမှာလေ။ ဒါ့ကြောင့် ကျနော်တို့က သားယောကျာ်းလေးကို တန်ဖိုးထားတယ်” လို့ မြောင်ဇီးတိုင်းရင်းသား ဦးပေါင်လူက ပြောပါတယ်။

မြောင်ဇီး (ခ) မှုန့်လူမျိုးတွေဟာ အမျိုးသားကိုပဲ တန်ဖိုးထားခဲ့တာကြောင့် အမျိုးသမီးတွေမှာ ကျောင်းပညာသင်ကြားခွင့် နည်းပါးခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်မှုအလုပ်ကိုပဲ နိစ္စဓူဝ အချိန်ကုန်ခဲ့ကြရပါတယ်။ မြောင်ဇီးအမျိုးသားတွေဟာ အင်္ကျီအနက်ရောင် အပြာကွပ်နဲ့ ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ကြပြီး အမျိုးသမီးတွေကတော့ ခေါင်းပေါင်း၊ စကပ်၊ ခါးစည်းနဲ့ အမြီးကို ကိုယ်တိုင်ယက်လုပ် ဝတ်စားဆင်ယင်ကြပါတယ်။

“အရင်ကာလက အမျိုးသမီးတွေကတော့ ထုံးစံအတိုင်းပါပဲ တောင်ယာလုပ်တယ်။ ဝက်မွေး၊ ကြက်မွေး၊ ဝက်စာကျွေး၊ ကြက်စာကျွေးပေါ့။ ကလေးထိန်းပေါ့ဗျာ။ အိမ်မှုကိစ္စနဲ့ပဲ အချိန်ကုန်ခဲ့ကြတယ်။ ပညာသင်ကြားခွင့်လည်း သိပ်မရှိခဲ့ကြဘူး။ အခုနောက်ပိုင်းတော့ ခေတ်နဲ့အညီ အမြင်ကျယ်လာပါပြီ။ ကိုယ့်ကလေးတွေမှာ သမီးမိန်းကလေး မွေးလာရင်လည်း ကျောင်းထားပေးပြီး ကျောင်းပညာ သင်ကြားခိုင်းပါတယ်” လို့ ဦးပေါင်လူက ပြောပါတယ်။

မြောင်ဇီးလူမျိုးတွေဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိမ်ထောင်ပြုကြတာ များတာကို တွေ့မြင်ခဲ့ရပါတယ်။ ထိမ်းမြားလက်ထပ်တဲ့ နေရာမှာတော့ နို့ဖိုးအဖြစ် သတို့သားက နွားနှစ်ကောင်၊ ဝက်နှစ်ကောင်၊ ငွေကြေးနဲ့ တင်တောင်းရပါတယ်။ တခုထူးခြားတာကတော့ ကိုယ်ဝန်ဆောင်ကတည်းက ကတိစကားထားကြပြီး ကလေးမီးဖွားပြီး အရွယ်ရောက်မှ ထိမ်းမြားလက်ထပ်တဲ့ ဓလေ့လည်း ရှိပါတယ်။ သူတို့တွေဟာ နတ်စား (ဗုဒ္ဓ) ဘာသာနဲ့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါတယ်။ ရှေ့ယခင်က မြောင်ဇီးလူမျိုးတွေမှာ ကိုယ်ပိုင်စာပေ ရှိခဲ့ပေမယ့် ပျောက်ကွယ်သွားပြီဖြစ်တာကြောင့် အခုလက်ရှိမှတော့ ခရစ်ယာန် တောင်တန်းသာသနာပြုအဖွဲ့တွေ တီထွင်ပေးထားတဲ့ အင်္ဂလိပ်အက္ခရာစာပေပဲ ရှိပါတယ်။

“အဘိုးအဘွားတွေ ခေတ်တုန်းကတော့ ကိုယ်ပိုင်စာရှိတယ်။ ကျနော်တို့က ပြောင်းရွှေ့နေထိုင်ကြတော့ စာပေကို မထိန်းနိုင်လို့ ပျောက်ကွယ်သွားတယ်။ အဲ့နောက်ပိုင်း ခရစ်ယာန်ဘာသာက သာသာနာပြုတွေ ဝင်လာမှ သူတို့တီထွင်ပေးတဲ့ အင်္ဂလိပ်အက္ခရာနဲ့ စာကိုပဲ အခုလက်ရှိ အသုံးပြုနေတယ်။ ကျနော်တို့ မျိုးနွယ်စုတွေဖြစ်တဲ့ ဝမ်၊ ကျား၊ ထောင်၊ ရန် စသဖြင့် အားလုံးလည်း ဒီစာတခုတည်းကိုပဲ အသုံးပြုတယ်” လို့ မြောင်ဇီး (ခ) မှုန့်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောပါတယ်။

ကိုးကွယ်တဲ့ဘာသာ မတူပေမယ့် မြောင်ဇီး (ခ) မှုန့်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် ကာလကတော့ အတူတူပါပဲ။ နှစ်စဉ် ဇန်နဝါရီလအကုန်နဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတွေမှာ ကျင်းပပါတယ်။ နှစ်သစ်ကူးပွဲတော်ကို ရွာအလှည့်ကျစနစ်နဲ့ ကျင်းပလေ့ရှိပြီး ခေါပုတ်ထောင်းတာ၊ ဝက်သတ်ပြီး အသားကို အားလုံးမျှဝေတာတွေ ပြုလုပ်ကြပါတယ်။ နှစ်သစ်ကူးပွဲတော်ရောက်တိုင်း မိသားစုဝင်တိုင်းဟာ မိမိရဲ့နေအိမ်ကို ဘယ်လောက်ဝေးဝေး အရောက်ပြန်ကြရပါတယ်။

“နှစ်သစ်ကူးပွဲတော်ရောက်ရင် ကျနော်တို့ မိသားစုဝင်တွေ အားလုံး ပြန်ဆုံကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ ရဟတ်လုပ်ပြီး စီးတယ်။ မု့န်လုံးရေပေါ်လုပ်တယ်။ ပြီးရင် ဂျင်ပေါက်ပြိုင်ပွဲ၊ ပန်းပေါက်ပြိုင်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲ ခေါပုတ်ထောင်းပြိုင်ပွဲနဲ့ အမြင့်ခုန်ပြိုင်ပွဲတွေမှာ ဝင်ရောက် ပါဝင်ယှဉ်ပြိုင်ကြလေ့ ရှိပါတယ်” လို့ မြောင်ဇီးတိုင်းရင်းသားတွေက ပြောပါတယ်။

နှစ်သစ်ကူးပွဲတော်ပြီးသွားရင်တော့ မိသားစု နေ့စဉ်ဘဝ ရပ်တည်ဖို့အတွက် ကိုယ်စီ လုပ်ငန်းခွင်ဝင်ကြပါပြီ။ သူတို့ဟာ ပညာတတ် အလွန်နည်းပါးတဲ့ လူနည်းစုတိုင်းရင်းသား ဖြစ်တာကြောင့် အဘက်ဘက်က နိမ့်ကျနေပါတယ်။ လူမှုအခြေပြု အသင်းအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်တပ်ဖွဲ့ မရှိပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အားနည်းချက်တချို့ကြောင့်လည်း မြောင်ဇီးလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီး မရှိပါဘူး။ ဒါ့ကြောင့် သူတို့တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းကူညီဖေးမဖို့ လိုအပ်နေပါတယ်။

ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013