
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒုဥက္ကဋ္ဌ ဦးစောမောင်စိုးကို နေအိမ်ထဲဝင်ရောက် ရိုက်နှက်ခဲ့သူ ၈ ဦးအနက် ၂ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကျန် ၆ ဦးကတော့ လွတ်မြောက်နေပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နေ အောင်နိုင်နဲ့ ရန်နိုင်တို့ဦးဆောင်တဲ့ အဖွဲ့ဟာ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်ညပိုင်းမှာ ခြံတံခါးသော့ကို ရိုက်ဖျက် နေအိမ်ထဲဝင်ရောက်ပြီး ညောင်တုန်းမြို့နယ် အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးစောမောင်စိုးကို အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ တာဖြစ်ပါတယ်။
ရိုက်နှက်ခံရတာကြောင့် ဦးစောမောင်စိုးရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့လို့ ငှက်ပျောကျွန်းတိုက်နယ် ဆေးရုံမှာ တက်ရောက်ဆေးကုသခဲ့ရပေမယ့် အခုထိ ခေါင်းမူး၊ ခေါင်းကိုက်ရောဂါ ခံစားနေဆဲဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်တဲ့ တရားခံ ၂ဦးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ညောင်တုန်းမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ သုံးလ ချမှတ်ခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ကျန်တရားခံ ၆ ဦး ကိုတော့ ခုချိန်အထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
လွတ်မြောက်နေသူတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့ မိအောင်ဖမ်းပြီး အရေး ယူပေးစေချင်သလို လက်ရှိနေထိုင်တဲ့ နေအိမ်ဟာ လုံခြုံမှုမရှိတာကြောင့် အမျိုးတွေရှိရာ နေရာကို ပြောင်းရွေ့ထိုင်မှာဖြစ်တယ်လို့ ဦးစောမောင်စိုးက ပြောပါတယ်။











