DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ဖြေရှင်းနိုင်မည့်နည်းလမ်း မည်သူမျှမသိဟု ဂျပန်သံအမတ်ပြော
DVB
·
January 15, 2019
ရခိုင်အရေး ဖြေရှင်းနိုင်မည့်နည်းလမ်း မည်သူမျှမသိဟု ဂျပန်သံအမတ်ပြော
Donate to DVB

ရခိုင်ပြည်နယ်အရေးကိစ္စကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းလို့ ရနိုင်မယ်ဆိုတာကို ဘယ်သူမှ မသိတဲ့အကြောင်းနဲ့ ဖိအားပေး အရေးယူတဲ့နည်းနဲ့  ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနနဲ့  ရန်ကုန်မှာ သီးသန့် တွေ့ဆုံမေးမြန်းရာ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး  ပြောဆိုသွားတာပါ။

သံအမတ်ကြီး အိချိယို မာရူယာမာက “ရခိုင်ပြည်နယ်ကိစ္စက အခုဖြစ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ဖြစ်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အင်မတန်မှ သမိုင်းရှိတဲ့ကိစ္စတွေ၊ အင်မတန်မှ ရှုပ်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒီရခိုင်ကိစ္စကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနိုင်မလဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဒါကြောင့်မို့လို့ အင်မတန်မှ ကြီးမားတဲ့ စိန်းခေါ်မှုတွေ ဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ အဓိက ရပ်တည်ချက်က မြန်မာ အစိုးရ၊ မြန်မာတပ်မတော်နဲ့ ကျနော်တို့ ဂျပန်အစိုးရနဲ့ ပေါင်းပြီးတော့ အဲဒီရခိုင်ကိစ္စကို အကောင်းဘက်ကို သွားနိုင်အောင် အတူတူ အလုပ်လုပ်မယ်၊ ကြိုးစားမယ်။ အဲဒါ ကျနော်တို့ ဂျပန်အစိုးရ ရပ်တည်ချက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာအစိုးရကို ဖိအားပေး အရေးယူတဲ့နည်းက ဖြေရှင်းနိုင်မယ်ဆိုရင် သူတို့အနေနဲ့လည်း လိုက်လုပ်မှာ ဖြစ်ပေမယ့် တကယ်တမ်းဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ရခိုင်ပြည်နယ်ကိစ္စမှာ အထူးသဖြင့် လူ့အခွင့်ချိုးဖောက်တယ် ဘာညာဆိုတဲ့အသံတွေ အင်မတန်မှ ကြီးမားပါတယ်။ ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ ရခိုင်ကိစ္စကို အင်မတန်မှ စိုးရိမ်နေပါတယ်ခင်ဗျ။ တကယ်လို့ အဲဒီရခိုင်ကိစ္စ အကောင်းဘက်ကို သွားနိုင်အောင်လုပ်မယ် ဆိုရင်၊ မြန်မာအစိုးရအပေါ်မှာ ဖိအားပေးမယ်၊ အရေးယူမယ်၊ အဲဒီလိုလုပ်ပြီး ဖြေရှင်းနိုင်မယ် ဆိုရင် အင်မတန်မှလွယ်ပါတယ်။ ကျနော်တို့ ဂျပန်အစိုးရလည်း အဲဒီအတိုင်းလုပ်ပါမယ်။ ခက်တာက အဲဒီကိစ္စကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ မသိတဲ့ အတွက် မြန်မာအစိုးရလည်း အဲဒီကိစ္စကို ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်။ အဲဒါကြောင့် မြန်မာအစိုးရကို ကျနော်တို့ အကူအညီပေးပါမယ်။ ပူးပေါင်းပြီး အလုပ်လုပ်ပါမယ်။ အဲဒါက ရခိုင်ပြည်နယ်ကိစ္စကို ဖြေရှင်းနိုင်တဲ့ နည်းတခုတည်းပဲ ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ သံအမတ်ကြီးက ပြောပါတယ်။

စီးပွားရေးပိတ်ဆို့တာနဲ့ ဖိအားပေးတာစတဲ့ နည်းတွေက ပိုဆိုးသွားမှာဖြစ်လို့ လုံးဝ သဘောမတူနိုင်ဘူးလို့လည်း ဂျပန်ရဲ့ ရပ်တည်ချက်ကို သံအမတ်ကြီးက ပြောပါတယ်။

မြန်မာအစိုးရက ဖွဲ့ထားတဲ့ ရခိုင်အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ တကယ်လွတ်လပ်ဖို့လိုပြီး အစိုးရနဲ့ တပ်မတော်တို့က အဲဒီအဖွဲ့ကို ကူညီဖို့ကိုလည်း တိုက်တွန်း  ပြောပါတယ်။

“ရခိုင်ပြည်နယ်ကိစ္စမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစု ရှင်းလင်းမှုတွေ ရှိခဲ့လား ဆိုတာလည်း အသေအချာ ဘယ်သူမှ မပြောရပါဘူး။ ဒါကြောင့် မြန်မာအစိုးရက သူကိုယ်တိုင် ဦးဆောင်ပြီးတော့ လွတ်လပ်တဲ့စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် အရေးကြီးတာက မြန်မာ့အစိုးရအနေနဲ့၊ ပြီးတော့ မြန်မာ့တပ်မတော်အနေနဲ့ လွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို စုံစမ်းစစ်ဆေးဖို့လုပ်ငန်းကို အပြည့်အဝ အကူအညီပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်” လို့ ဂျပန်သံအမတ်က  ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေပြီး ဒါဟာ စစ်ရေး အကူအညီပေးဖို့မဟုတ်ဘဲ မြန်မာ့တပ်မတော်အရာရှိတွေကို သင်တန်းပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013