
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ ဇန်န၀ါရီ ၁၄ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကေအန်ပီပီအနေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်မထိုးနိုင်ဖို့ ဘာတွေ ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြပါတယ်။
“၂၀၁၂ မတ်လမှာ ကေအန်ပီပီက ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးထဲက ၂ ကြိမ်သာ ပစ်ခတ်မှုရှိခဲ့ပြီး အခြားကြီးမားတဲ့ ပြဿနာကြီး မတွေ့မိပါ။ အခုထိတော့ ကေအန်ပီပီအဖွဲ့က အန်စီအေလက်မှတ် မထိုးရသေးပါဘူး။ အခုဆွေးနွေးပွဲက အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဘာတွေ ပူးပေါင်းဆောင်ရွက်ရမလဲ ဆွေးနွေးခဲ့ကြပါတယ်။”
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ကို အငြိမ်းမစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကဦးဆောင်ပြီး ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုဥက္ကဋ္ဌ ခူဦးရယ်ကဦးဆောင် ဆွေးနွေးခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာ ၁၈ ရက်ကလည်း ကေအန်ပီပီနဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဇန်န၀ါရီ၁၃ ရက်နေ့ကလည်း ချင်းမိုင်မြို့မှာ ကေအန်ယူက ကိုယ်စားလှယ်တွေနဲ့ ဆုံခဲ့သလို မနေ့ကတော့ ကေအန်ပီပီနဲ့ ရောအာစီအက်စ်အက်စ် ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ပါ သီးခြား တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အားလုံးအပါအဝင် ပြည်နယ်သူ၊ ပြည်နယ်သားတွေအနေနဲ့ အလေးအနက်စဉ်းစားပြီး ငြိမ်းချမ်းရေးကို မနှေးအမြန် လုပ်ဆောင်ကြဖို့ သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ ကျရောက်တဲ့(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခမရှိသလောက်ဖြစ်နေတဲ့ ကယားပြည်နယ်ရှိလက်နက်ကိုင်အဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြည့်အဝပူးပေါင်းပါဝင်ဆောင်ရွက်ရင် ပြည်နယ် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို အလျင်အမြန်အပြည့်အဝ ခံစားကြရမယ်လို့ လည်း သမ္မတက ပြောပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီမနက်ကျင်းပတဲ့ (၆၇) နှစ်မြောက် ကယား ပြည်နယ်နေ့ လူထု အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင်ပါဝင် တက်ရောက်နေပါတယ်။
ဓာတ်ပုံ- Hla Maung Shwe











