DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းကောင်စီ (ယာယီ) ထပ်ဖွဲ့
DVB
·
September 17, 2012
စာနယ်ဇင်းကောင်စီ (ယာယီ) ထပ်ဖွဲ့
1 / 2
Donate to DVB

စာနယ်ဇင်းကောင်စီ (ယာယီ) ကို ကောင်စီဝင်ဦးရေ ၃၀ နဲ့ ဒီနေ့ရန်ကုန်မှာ ဖွဲ့စည်းလိုက်ပါတယ်။

အရင် နိုင်ငံတော်သမ္မတရုံးအမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို စာနယ်ဇင်းလောကသားတွေက လက်မခံတဲ့အတွက် အခု စာနယ်ဇင်းကောင်စီ (ယာယီ) ကို ထပ်မံ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အခုဖွဲ့လိုက်တဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ဟာ မီဒီယာဥပဒေ ထွက်ပေါ်လာချိန်ထိ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

[caption id="attachment_30878" align="alignleft" width="300" caption="ဓာတ်ပုံ- ဒီဗွီဘီ"][/caption]

ကောင်စီရဲ့ လုပ်ငန်းတာဝန်တချို့ကို ကောင်စီ အသစ်ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက “ယေဘုယျအားဖြင့်တော့ စာနယ်ဇင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ စာနယ်ဇင်းနယ်ပယ်ဖွံ့ဖြိုးဖို့ ၊ နောက်တခုက ပြည်သူလူထုရယ်၊ အစိုးရရယ်၊ စာနယ်ဇင်းတွေကြားမှာ ပေါင်းကူးဖို့။ ကျင့်ဝတ်တွေရေးသားပြုစုဖို့၊ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာနဲ့ပဲဖြစ်ဖြစ်၊ အချင်းချင်းပဲဖြစ်ဖြစ်၊ တခြား ဘယ်အဖွဲ့အစည်းနဲ့ ပဲဖြစ်ဖြစ် ၊ ပြဿနာတွေဖြစ်လာရင် ညှိနှိုင်းဖြေရှင်းပေးဖို့၊ နောက် စာနယ်ဇင်းလောကသမားတွေ ရဲ့ အရည်အချင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးဖို့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ပေးဖို့ အစရှိသဖြင့်ပေါ့” လို့ ပြောပါတယ်။

ဒီကောင်စီမှာ အရင် အမြုတေကောင်စီထဲ ပါဝင်သူတွေအနက် ဥက္ကဋ္ဌဖြစ်သူက အစ ပြန်လည်ပါဝင်လာတာ တွေ့ရသလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးလည်း ပါဝင်လာပါတယ်။

ဥက္ကဋ္ဌက အရင်အမြုတေကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ အငြိမ်းစားတရားရုံးချုပ်၊ တရားသူကြီး ဦးခင်မောင်အေး ဖြစ်ပြီး၊ ဒုဥက္ကဋ္ဌက စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က  ဒီကောင်စီ မဖွဲ့ခင် ရက်ပိုင်းအလိုမှာ စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံပြီး မီဒီယာဥပဒေတရပ် ပေါ်ပေါက်အောင် ကြိုးစားနေ တာ တွေ့ရပါတယ်။ စာနယ်ဇင်းကောင်စီဖွဲ့ပြီးတာနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာရဲ့မူဘောင် (frame work) ကို ပေးအပ်မယ်။ အဲဒီအပေါ် ကောင်စီက မူကြမ်းမတိုင်ခင် အဆင့်ရေးဆွဲပြီး ပြန်ကြားရေးက မူကြမ်းအဆင့်ရေးဆွဲပြီး မီဒီယာအလုပ်ရုံဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး ပြန်လည်ရေးဆွဲမှာဖြစ်သလို ဒီနောက် သမ္မတထံ တင်မှာဖြစ်ပါတယ်။

အခုဖွဲ့လိုက်တဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ ဦးကျော်မင်းဆွေက “အစိုးရကတော့ ဒါကို organize လုပ်ပေးတာပဲ။ တဖက်ကတော့ ဒီလိုအငြင်းပွားမှုတွေမဖြစ်အောင် သက်ဆိုင်ရာ အသင်း ၃ ဖွဲ့ (မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၊ မြန်မာနိုင်ငံစာနယ်ဇင်း သမဂ္ဂနဲ့ မြန်မာဂျာနယ်လစ် ကွန်ယက်) ကို ခေါ်ညှိပြီးတော့ အဲ့ ၃ ဖွဲ့က အဆိုပြုတဲ့ လေးစားတဲ့လူတွေအကုန်လုံး ပါတဲ့ စာနယ်ဇင်းလောကကလူတွေပေါ့။ ကျန်တာကတော့ အင်ဒိုနီးရှားတို့၊ အိန္ဒိယ၊ ဩစတြေးလျတို့လို တခြားနိုင်ငံမှာရှိတဲ့ စာနယ်ဇင်းကောင်စီတွေမှာပါတဲ့ ပညာရှင်တွေ၊ တရားရေးပညာရှင်၊ ပါမောက္ခတွေ၊ စီးပွားရေးပညာရှင်တွေ စသဖြင့် ထည့်ထားတာကို သာဓကယူပြီး ဒီဘက်က အဆိုပြုကြတာပေါ့။ အစိုးရကဖွဲ့တာလား၊ ဒီလောကကလူတွေကပဲ ကိုယ့်ဘာသာကိုယ် အဆိုပြုပြီး ကိုယ့်သဘောဆန္ဒနဲ့ လွတ်လွတ်လပ်လပ် လုပ်တာလားဆိုတာတော့ ၂ ခုလုံးကတော့ ရောပါနေတယ်လို့ ပြောရမှာပေါ့” လို့ ဆိုပါတယ်။

စာနယ်ဇင်းကောင်စီထဲမှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂနဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် အဖွဲ့တွေအပြင် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေလုပ်ငန်းရှင်များအသင်း၊ စာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်းနဲ့ စာရေးဆရာအသင်းတို့က ကိုယ်စားလှယ်တွေ၊ ဂျာနယ် ထုတ်ဝေသူတွေ၊ စကိုင်းနက်နဲ့ family entertainment စတဲ့ ရုပ်သံလွှင့်လုပ်ငန်းက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

စာနယ်ဇင်းကောင်စီဖွဲ့တဲ့ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လည်း တက်ရောက်ခဲ့ပြီး၊ ဒီကောင်စီမဖွဲ့မီကတည်းက ၀န်ကြီးဟာ သက်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့အသီသီးက တာဝန်ရှိသူတွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013