DVB Logo
Home
မြန်မာသတင်း
မိုးပျံရထားလမ်းဆောက်မည့်ကုမ္ပဏီ ရန်ကုန်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
DVB
·
January 15, 2019
မိုးပျံရထားလမ်းဆောက်မည့်ကုမ္ပဏီ ရန်ကုန်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
Donate to DVB

ရန်ကုန်မှာ မိုးပျံရထားလမ်းဆောက်ဖို့ စီစဉ်နေတဲ့ကုမ္ပဏီက ဖြစ်နိုင်ခြေလေ့လာရေး ပထမဆုံး ဆောင်ရွက်မှုအနေနဲ့ မနေ့က ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Chaina Railway Eryuan Engineering Group Co.,Lt ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရန်ကုန်မှာ မိုးပျံရထားလမ်းဆောက်ဖို့ တိုင်းအစိုးရနဲ့ တွေ့ဆုံတင်ပြခဲ့ပြီး ဖြစ်မြောက်နိုင်စွမ်း လေ့လာဖို့အတွက် ခွင့်ပြုခဲ့တာပါ။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ လွှတ်တော်အမတ် ဦးရန်အောင်က “သူတို့က ရထားလမ်း အသစ် ဆောက်ချင်တယ်။ ၃၇ ဒသမ ၉ ကီလိုမီတာ (၂၃ မိုင်ခွဲကျော်) ရှိတယ်ဗျ။ ကြည့်မြင်တိုင် ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အထိပေါ့။ ကျနော်တို့ကတော့ ရှိပြီးသား မြို့ပတ်လမ်း ကြောင်းအတိုင်းလုပ်ဖို့ ဆန္ဒပြုထားတယ်။ သူတို့ပြောတဲ့အတိုင်း ရထားလမ်းအသစ်အတိုင်း ဖောက်မယ် ဆိုရင်တော့ မြေယာပြဿနာတွေ အများကြီးရှင်းရမယ်ဗျ” လို့ ပြောပါတယ်။

ဒီလမ်းကြောင်းမှာ ဘူတာပေါင်း ၂၄ ခုထားမှာ ဖြစ်ပြီး ၁ နာရီကို ၈၀ ကီလိုမီတာ (မိုင် ၅၀ လောက်)နဲ့ ခုတ်မောင်းမယ်လို့ ကုမ္ပဏီက တင်ပြပါတယ်။ ဒါ့အပြင် ဖြစ်လာမယ့် မြို့သစ်တွေနဲ့ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းတွေ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

“ရင်းနှီးမြှုပ်နှံမှုမှာတော့ ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း ထည့်မယ်။ မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်း၊ ဒါကိုတော့ ငွေကြေးအနေနဲ့ ထည့်ဝင်ရမှာမဟုတ်ဘူးဗျ။ လမ်းအတွက် လိုအပ်တဲ့ မြေယာ စတာမျိုးတွေကို ကျခံပေးဖို့ ကုမ္ပဏီက ပြောတယ်။ ပြီးတော့ အများပြည်သူကို ရှယ်ယာ ၂၉ ရာခိုင်နှုန်း ထည့်လို့ရတယ် ပြောတယ်။ ဒါကလည်း လမ်းသစ်အရဆိုရင် ဖယ်ရှားရမယ့် အိမ်တွေက သူတို့ အိမ်ရဲ့ တန်ကြေးကို လျော်ကြေးမယူဘဲ အစုရှယ်ယာအနေနဲ့ ထည့်ရင်လည်း ရတယ်ပြောတယ်။ တခြားလည်း ရှယ်ယာတွေ ဝယ်လို့ ရတယ်ပေါ့” လို့ ဦးရန်အောင်က ပြောပါတယ်။

ဒီရထားလမ်းအတွက် ၁ ကီလိုမီတာ (၃၂၈၀ ပေကျော်)ကို အမေရိကန်ဒေါ်လာ သန်း ၄၀ ကုန်ကျမယ်လို့ တွက်ချက်ထားပြီး စီမံကိန်းတခုလုံးအတွက် ဒေါ်လာ သန်း ၁၅၀၀ ကျော်မယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

ဒီစီမံကိန်းကို နှစ် ၅၀ လုပ်ပိုင်ခွင့် ရလိုကြောင်းနဲ့ စီမံကိန်းအတွက် တင်သွင်းလာတဲ့ စက် ယန္တရားတွေအတွက် အခွန်ကင်းလွတ်ခွင့်ရလိုတယ်လည်း ကုမ္ပဏီက ပြောပါတယ်။ စီမံကိန်း လုပ်ခွင့်ရပြီဆိုရင် အဲဒီအချိန်ကနေ ၂ နှစ်၊ ၃ နှစ် အတွင်း ပြီးအောင်လုပ်မယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်အမတ် ဦးရန်အောင်က “သူတို့ တောင်းဆိုတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် ဒါတွေက ပြည်ထောင်စုအစိုးရနဲ့ ဆိုင်တာတွေရှိတယ်။ ပညာရှင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးစရာ တွေ ရှိသေးတယ်။ ဒါက ပထမဆုံး လုပ်ငန်းစဉ်ပါ။ နောက် အဆင့်ဆင့် ဆွေးနွေးပြီးရင် ရန်ကုန်တိုင်းလွှတ်တော်မှာ ပြန်လာပြီး ဆွေးနွေးဦးမှာပါ” လို့ ပြောပါတယ်။

ဒီမိုးပျံရထားကို တရက်မှာ လူ လေးသိန်းလောက် စီးနင်းမယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပြီး တယောက်ကို ပျမ်းမျှ ကျပ် ၅၀၀ နဲ့ ပြေးဆွဲဖို့လည်း လျာထားပါတယ်။

Chaina Railway Eryuan Engineering Group ကုမ္ပဏီဟာ မြန်မာ့မီးရထားနဲ့ ပူးပေါင်းပြီး မီးရထားဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေသလို မူဆယ်-မန္တလေး ရထားဖောက်လုပ်ဖို့၊ ရန်ကုန်-မန္တလေး မြန်နှုန်းမြင့် ရထားလမ်းသစ် ဖောက်လုပ်ဖို့ကိုလည်း ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက  စီစဉ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013