DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရန် ကချင်နိုင်ငံရေးပါတီ ၃ပါတီ ကြေညာ
DVB
·
January 15, 2019
မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရန် ကချင်နိုင်ငံရေးပါတီ ၃ပါတီ ကြေညာ
Donate to DVB

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး ထာဝရရပ်ဆိုင်းထားဖို့ မူဝါဒရှိတယ်လို့ ကချင်ပူးပေါင်းရေးပါတီ ၃ ပါတီက ဇန်န၀ါရီ ၁၄ ရက်က  သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က အခုလို ထုတ်ပြန်လိုက်တာပါ။

ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မယ့် စက်မှုဇုံစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ စီမံဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုတွေနဲ့အတူလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ကချင်ပါတီတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကချင်ပူးပေါင်းရေးပါတီ ၃ ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ “ အခု ပူးပေါင်းပါတီအနေနဲ့ ထုတ်ရတာက ဒီတရုတ်သံအမတ် မြစ်ကြီးနားရောက်တုန်းက တွေ့ဆုံပြီး ပြန်သွားတဲ့အခါမှာ သဘောထားထုတ်ပြန်ချက်ထုတ်တယ်။ အဲဒီအပေါ်မှာ လူတွေက အမျိုးမျိုးပြောဆိုလာတာပေါ့။ အဲဒီမှာ ကျနော်တို့နဲ့တွေ့ဆုံနဲ့ နိုင်ငံရေးပါတီများ၊ ပြည်သူလူထု အနေနဲ့ကတော့ ဒီမြစ်ဆုံကို မကန့်ကွက်ပါဘူး။ အဲဒါက ပြည်က အဖွဲ့တချို့သာဖြစ်တယ်ဆိုတဲ့ အချက်ပါလာတော့က ကျနော်တို့က ဒီမြစ်ဆုံကို လက်ခံလိုက်တဲ့ သဘောဖြစ်သွားတယ်။ အဲဒါက ကျနော်တို့ ပေါ်လစီနဲ့ကွဲလွဲနေတယ်ဆိုတဲ့အကြောင်း၊  ပြည်သူလူထုကလည်း ယုံမှား သံသယဖြစ်လာတာပေါ့။ ကျနော်တို့ပါတီအပေါ်မှာ။ ဒါပေမယ့် ကျနော်တို့ပါတီက လူထုရဲ့ သဘောထားအတိုင်းပဲ ရပ်တည်ပါတယ်။ ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ  မြစ်ကြီးနားမြို့ကိုရောက်ရှိလာတဲ့ တရုတ်သံအမတ် မစ္စတာ ဟုန်လျှံဟာ ကချင်နိုင်ငံရေးပါတီ ၃ ခု က ခေါင်းဆောင်တွေနဲ့  သီးသန့်စီ တွေ့ဆုံခဲ့ပါတယ်။

အဲဒီခရီးစဉ်အပြီး မြစ်ဆုံစီမံကိန်းကို ကချင်ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်တာ မရှိကြောင်း၊ ပြင်ပရောက်ရှိနေသူ တွေနဲ့ အဖွဲ့အစည်းတွေကသာ ကန့်ကွက်တာဖြစ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက တရုတ်သံအမတ်ကို  ပြောကြားခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် တရုတ်သံရုံးက ဇန်န၀ါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်သံရုံး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကချင်တက်ကြွလှုပ်ရှားသူတွေ၊ မြစ်ဆုံအရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကချင်ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

မြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ထသမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်က  ပြည်သူလူထုရဲ့ အပြင်းအထန် ကန့်ကွက်မှုကြောင့် စီမံကိန်းကို သူ့လက်ထက်မှာ မဆောင်ရွက်ဖို့ ဆိုင်းငံထားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီးနောက် လက်ရှိအချိန်ထိ မြစ်ဆုံ စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဖို့ သဘောတူခြင်းမရှိသေးပေမယ့် တရုတ်အစိုးရက ဒီစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ခွင့်ရရှိဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013