DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကို မနှေးအမြန်ဆောင်ရွက်ရန် ကယားပြည်နယ်နေ့တွင် သမ္မတတိုက်တွန်း
DVB
·
January 15, 2019
ငြိမ်းချမ်းရေးကို မနှေးအမြန်ဆောင်ရွက်ရန် ကယားပြည်နယ်နေ့တွင် သမ္မတတိုက်တွန်း
Donate to DVB

နောင်လာမယ့် နှစ်ပေါင်း ၂၀မှာ ကယားပြည်နယ်ကို ဘယ်လိုဖြစ်စေချင်တယ်၊ ဘယ်လိုမြင်စေချင်တယ်ဆိုတာကို ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အားလုံးအပါအဝင် ပြည်နယ်သူ၊ ပြည်နယ်သားတွေက အလေးအနက်ထားစဉ်းစားပြီး  ငြိမ်းချမ်းရေးကို မနှေးအမြန် တည်ထောင်ကြဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဇန်န၀ါရီ ၁၅ ရက်မှာ ကျရောက်တဲ့ (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းထားတာပါ။

“အရင်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကယားပြည်နယ်အတွင်း အခြေခံ အဆောက်အအုံတည်ဆောက်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတို့မှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ရတယ်။ ခုအချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မရှိတော့ သလောက်ဖြစ်တဲ့ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အပြည့်အဝပူးပေါင်းပါဝင်ဆောင်ရွက်လာကြပါက ကယားပြည်နယ်ဟာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို လျင်လျင်မြန်မြန် အပြည့်အဝခံစားကြရမယ်”

ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် အဓိက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

လွတ်လပ်ပွင့်လင်းလာတဲ့ ယနေ့ခေတ်မှာ ကယားပြည်နယ်ရဲ့ သာယာလှပတဲ့ သဘာဝရေမြေတောတောင်တွေက ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေအတွက် အပန်းဖြေလည်ပတ်သွားလာစရာနေရာ တနေရာအဖြစ် ပိုမို လူသိများ ထင်ရှားလာခဲ့တယ်၊ ထိုင်းနိုင်ငံမှ နယ်စပ်ဝင်ပေါက်တွေက တဆင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှုနဲ့ ခရီးသွားလာမှုတွေ မြှင့်တင်လာနိုင်တဲ့  အလားအလာကောင်းတွေ ရှိနေတယ်လို့လည်း သမ္မတက ပြောပါတယ်။

ဒ့ါအပြင် ကယားပြည်နယ်ဟာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ လောပိတရေအား လျှပ်စစ်စက်ရုံတွေရှိတဲ့အပြင် သံလွင်မြစ်၊ ဘီလူးချောင်း၊ ငွေတောင်ဆည်စတဲ့ မြစ်ချောင်း၊ ဆည်မြောင်း၊ ရေတံခွန်၊ စိမ့်စမ်းများ၊ လိုဏ်ဂူတွေနဲ့ သဘာဝတောတောင်အလှအပတွေ ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့  ပြည်နယ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

အေးချမ်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကယားပြည်နယ် ကြီး ဖြစ်ပေါ်လာစေရေးအတွက် ကြိုးစား အကောင်အထည်ဖော်သွားကြဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်ရာမှာ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း သမ္မတရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

ကယားလူမျိုးစုဝင် (၉)မျိုးနဲ့ အတူ တခြားတိုင်းရင်းသားတွေ ချစ်ခင်ရင်းနှီး စွာနေထိုင်နေတဲ့ ကယားပြည်နယ်ရဲ့ ပြည်နယ်နေ့ကို ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ပထမဦးဆုံး စတင်သတ်မှတ် ကျင်းပခဲ့တာဖြစ်ပါတယ်။

(၆၇)နှစ်ပြည့်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်  ပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့မှာ ကျင်းပခဲ့ပြီး  လူထုဗဟိုပြုစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ပြခန်းကိုလည်း အများပြည်သူတွေ ကြည့်ရှုလေ့လာနိုင်အောင် ဖွင့်လှစ်ပြသထားပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013