DVB Logo
Home
မြန်မာသတင်း
အယ်နီညိုရာသီဥတုကြောင့် လာမည့်နွေရာသီ ပိုမိုပူပြင်း ရေရှားပါးနိုင်
DVB
·
January 14, 2019
အယ်နီညိုရာသီဥတုကြောင့် လာမည့်နွေရာသီ ပိုမိုပူပြင်း ရေရှားပါးနိုင်
Donate to DVB

အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် လာမယ့်နွေရာသီမှာ ပိုပူပြင်းနိုင်သလို ရေရှားပါးနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက တိုက်တွန်းလိုက်ပါတယ်။

အခုဇန်နဝါရီလထဲမှာ အီကွေတာနားက အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း ပင်လယ် ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် နည်းနည်း မြင့်တက်နေလို့ အားနည်းနည်းရှိတဲ့ အယ်နီညို ဖြစ်နေတယ်လို့ နိုင်ငံတကာ မိုးလေဝသနဲ့ ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားပါတယ်။

ဒေါက်တာ ကျော်မိုးဦးက “လာမယ့်နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ပူပြင်းနိုင်တယ်။ အပူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ ပထမဆုံးကတော့ ရေရှားပါးမှု ပြဿနာ ဖြစ်လာနိုင်တယ်။ စိုက်ပျိုးရေးအတွက်လည်း ရေရှားပါးနိုင်လို့ လိုအပ်တဲ့ ရေကို စုဆောင်းထားဖို့ပါ။

နောက်တခုကတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာပါ။ ကျန်းမာရေးဌာနက အကြံပြုတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ မြစ်ကြောင်းတလျှောက် သယ်ယူပို့ဆောင်ရေးလုပ်တဲ့ လှေတွေ သင်္ဘောတွေအတွက် ရေစူးတိမ်လာရင် ဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်ပြင်ဆင် ထားဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အခုက အားနည်းတဲ့အယ်နီညိုဖြစ်နိုင်ပြီး အားလျော့မယ့် အခြေအနေရှိတယ်လို့လည်း သူက ပြောပါတယ်။ အားနည်းတဲ့ အယ်နီညိုဖြစ်လို့ တချို့နှစ်တွေမှာ မြန်မာနိုင်ငံကို သက်ရောက်မှုရှိပြီး တချို့နှစ်တွေမှာတော့ မရှိဘူးလို့ ဆိုပါတယ်။

“လက်ရှိမှာ အယ်နီညိုတို့၊ လာနီညာတို့ရဲ့ သက်ရောက်မှုကိုတွေ့နေရပြီလားဆိုတော့ သူ့ရဲ့ သက်ရောက်မှုလို့ပဲ ပြောရမလား၊ ရာသီဥတုပြောင်းလဲမှုလို့ပဲ ပြောရမလား၊ ပြီးခဲ့တဲ့လက ပါဘက်မုန်တိုင်းဆိုရင် မြန်မာနိုင်ငံထဲကို ပြန်ကွေ့လာတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဒီလို ပြန်ကွေ့လာတာဟာ ဒါနဲ့မှ ၃ လုံးပဲ ရှိတယ်။ ပြီးတော့ အချိန်အခါမဟုတ် မိုးရွာတာ မျိုးပေါ့။ ဒါတွေက အယ်နီညိုရဲ့ သက်ရောက်မှုကြောင့် ဖြစ်တယ်လို့ ယူဆလို့ရသလို ဒါမှမဟုတ်ရင်လည်း ရာသီဥတုပြောင်းလဲမှုပေါ့။” လို့ ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။

ကမ္ဘာကြီးပူနွေးလာလို့ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့အညီ လိုက်လျောညီထွေအောင် နေထိုင်ဖို့ကိုလည်း မိုးဇလအရာရှိက အကြံပြုပါတယ်။

အယ်နီညို ဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် မေလအထိ ဖြစ်နိုင်ပြီး တဖြည်းဖြည်း အားပျော့သွားနိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသနဲ့ ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီကနေ မတ်လအထိ အယ်နီညိုဖြစ်နိုင်မှုဟာ ၈၂ ရာခိုင်နှုန်းရှိနိုင်ပြီး မတ်လကနေ မေလ အထိမှာ ၆၆ ရာခိုင်နှုန်း၊ မေလက ဇူလိုင်လတို့မှာ ၅၂ ရာခိုင်နှုန်းရှိတယ်လို့လည်း နိုင်ငံတကာပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန်လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013