
လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပတ်သက်တဲ့ အမှုအားလုံးကို အမြန်ဆုံးစစ်ဆေးဖို့ တရားရုံးက စီစဉ်နေပေမယ့် တရားလိုပြသက်သေတွေ မလာလို့ မစစ်ဆေးနိုင်သေးပဲ ရုံးချိန်းရမန်သာ ရယူခဲ့ရတယ်လို့ တရားပြိုင် ရှေ့နေထံက သိရပါတယ်။
တရားလွှတ်တော် ရှေ့နေဦးမြင့်အောင်က“ဒီနေ့က ရုံးချိန်းရုံးထုတ်ပြီး ရမန်ယူတာပဲလုပ်တာ။ တရားလိုပြသက်သေ ဝန်ထမ်းတွေက မအားလို့မလာနိုင်ကြတော့ ဘာမှမစစ်ဆေးနိုင်ဘူးလေ။ နောက်တပတ် တနင်္လာနေ့ကို ထပ်ချိန်း လိုက်တယ်။ တရားရုံးကတော့ ရုံးချိန်းကို တပတ်တခါပဲ ပေးတယ်။ ဒီလိုပေးတာက ဒီအမှုတွေကို တရားရုံးအနေနဲ့ အမြန်ဆုံးစစ်ဆေးချင်လို့ ဖြစ်တယ်လို့လည်း တရားသူကြီးက ပြောတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က နေပြည်တော်လေဆိပ်မှာ တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးအချို့ ယူဆောင်လာတဲ့အတွက် ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် သူနဲ့ ပတ်သက်ဆက်နွှယ်တယ်လို့ ယူဆခံရသူ ၁၁ ဦးတို့ကိုလည်း အမှုပေါင်း ၂၃ မှုနဲ့ တရားဆွဲဆိုထားပြီး နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ စုပေါင်းစစ်ဆေးနေတာဖြစ်ပါတယ်။
ဒီအမှုအပေါ် တရားရုံးအနေနဲ့ အမြန်ဆုံးစစ်ဆေးဖို့ ဆုံးဖြတ်ထားတဲ့အတွက် အခုနှစ် အတွင်းမှာအပြီးပြတ်စစ်ဆေးနိုင်မယ်လို့လည်း ဖြိုးကိုကိုတင့်ဆန်းဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက မျော်လင့်နေပါတယ်။











