DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းမှာ မြေကွက် ၃ ထောင် စည်ပင်က စတင်ဖယ်ရှား
DVB
·
September 17, 2012
မန္တလေးတိုင်းမှာ မြေကွက် ၃ ထောင် စည်ပင်က စတင်ဖယ်ရှား
Donate to DVB

မန္တလေးစည်ပင်သာယာက ကျူးကျော်မြေကွက်နဲ့တဲတွေကို ပြောင်းရွှေ့ပေးဖို့ ရက်ချိန်းပြည့်ပြီးနောက် ဒီနေ့မှာ လူအင်အားနဲ့ စက်အင်အားသုံးပြီး စတင်ဖျက်ဆီးပါတယ်။

မြို့တော်ဝန်နဲ့ မြို့နယ်စည်ပင်သာယာက ရက်သတ်မှတ်ခဲ့ပြီး ဒီလ ၁၂ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွင်းက ကျူးကျော်မြေကွက်တွေကို စက်တင်ဘာ ၁၆ ရက်နေ့ နောက်ဆုံးထား ပြောင်းပေးဖို့ ခေါ်ယူသတိပေးခဲ့တာဖြစ်ပြီး မလိုက်နာတဲ့အိမ်တွေကို  ဒီနေ့ လူအင်အား စက်အားသုံးပြီး စတင်ဖျက်ဆီးတာပါ။

သမန်းကုန်းကျေးရွာမှာ စည်ပင်သာယာက အိမ်ဖျက်နေတာကို ရပ်ကြည့်နေသူတဦးက   အခုလို ပြောပါတယ်။

“အခုလောလောဆယ် မြေထိုးစက်တွေနဲ့ ထိုးနေတယ်၊ ချမ်းမြသာစည်မြို့နယ်၊ သမန်းကုန်းရပ်ကွက်မှာ အိမ်တွေကိုလှန်ပြီး မြေထိုးစက်နဲ့ အလုံး ၅၀ လောက်ထိုးပြီးနေပြီ။ ကျနော်တို့ထင်တာက အစိုးရ၀န်ထမ်းတွေက အမိန့်ပေးပြီး ပြည်သူလူထုအပေါ်မှာ တဖက်သက်ဖျက်တာမရဘူး. ကျနော်တို့ပြည်သူလူထုနဲ့ ပြန်လည်တင်ပြဆွေးနွေးပိုင်ခွင့်ရှိရပါမယ်။ သူတို့က ဆွေးနွေးဖို့အစည်းအဝေးတွေခေါ်ပါတယ်။ ခေါ်ပြီးတော့ သူတို့ရဲ့ အမိန့်တွေကို တဖက်သက်သူတို့အမိန့်တွေကို နာခံပြီး ဒါကိုလိုက်နာရမယ်ဆိုတာဟာ အစိုးရနဲ့ ပြည်သူအကြား အထက်အောက် ပြန်လည် စီးဆင်းမှုမရှိဘူးပေါ့။ ဒါက အာဏာရှင်ဆန်လွန်းတယ်။”

အဲဒီဖျက်ဆီးခံရမယ့် သတ်မှတ် အိမ်ခြေတွေဟာ အလုံး ၅ ထောင် လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။ စည်ပင်သာယာအနေနဲ့ တဖက်သတ်မဆုံးဖြတ်ဘဲ အိမ်ဖျက်ဆီးခံရမယ့် သူတွေနဲ့ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ဒီအိမ်တွေဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေက ဒေသခံတွေ ၀ယ်ယူထားတဲ့ မြေကွက်တွေဖြစ်ပါတယ်။ ဒီမြေတွေကို ၁၉၉၃ ခုနှစ်လောက်က အစိုးရကသိမ်းယူပြီး အိမ်မြေအဖြစ်ပြောင်းလဲခဲ့ပြီး စီမံကန်းအကောင်အထည်မဖော်ဖြစ်ဘဲ ကျန်ရစ်တဲ့မြေတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီမြေတွေကို မူလလယ်ပိုင်ရှင်တွေက အကွက်ရိုက်ပြီး ရောင်းချခဲ့တာဖြစ်ပြီး အဲဒီကာလတုန်းက အုပ်ချုပ်သူတွေလည်း တားမြစ်ခြင်းမရှိခဲ့ပါဘူး။

လယ်မြေသိမ်းခံရပြီးတဲ့နောက် မြေကွက်ဖော်ရောင်းတဲ့ ဦးကျော်ညွန့်က “ရေ၊ မီးလည်းအဆင်မပြေ၊ လုပ်ရကိုင်ရတာလည်း အဆင်မပြေတော့ ရောင်းလိုက်ကြတာပေါ့လေ။ ဆင်းရဲသားလည်း ပပျောက်အောင် နေနိုင်အောင်ဆိုပြီး တကွက်မှ ၁၀ သိန်း၊ ၁၂ သိန်းဆိုပြီး ရောင်းပေးတာ၊ ဒါကို စည်ပင်က သူပဲပိုင်တယ်ဆိုပြီး ဖျက်တာပေါ့လေ။ ဖျက်တာကလည်း နဂိုက ငြိမ်းချမ်းရေးယူထားတဲ့ အကွက် ၁၅ ဧက ရှိတယ် ဖျက်မယ်ဆိုပြီး အခုက အဲကို ဦးမတည်တော့ဘူး၊ ကျန်တာတွေ ဘေးက ရောင်ပြန်ဟပ်တဲ့ဟာတွေ ဖျက်နေတော့တယ်။”

မြေကွက်တွေပေါ်မှာ တဲအိမ်နဲ့ အသင့်အတင့် သပ်ရပ်တဲ့အိမ်တွေ ဆောက်လုပ်နေထိုင်နေကြ တာဖြစ်ပါတယ်။ လယ်ဝေးမြို့နယ်ကနေ ပြောင်းရွှေ့ပြီး မိသားစုဝင် ၇ ဦးနဲ့ နေထိုင်နေတဲ့ အမျိုးသမီးတဦးကလည်း သူ့အိမ်ကို ဖျက်ဆီးခံရတဲ့အတွက် ဘယ်မှာ နေထိုင်ရမယ်ဆိုတာ မသိတော့ဘူးလို့ ပြောပါတယ်။

“အိမ်ရှင်တွေကလည်း အလုပ်သွားနေတုန်း ရဲတွေနဲ့ စည်ပင်တွေက အင်အားနဲ့ ဒီလိုတွေ ၀င်ပြီး လုပ်လာတာ။ နဂိုဝယ်စဉ်တုန်းက ဒါက ဘာမြေ ဘာမြေဆိုပြီး လာမတားဘူး။ အိမ်တွေက သားသားနားနား အိမ်တွေလည်းရှိတယ်လေ။ အကုန်လုံးဖျက်ပြီး ကားပေါ်တင်သွားတာ။ အခုက အားလုံးကဒုက္ခရောက်ပြီ၊ စောင်တွေရော၊ ခွက်တွေရော ဒီအတိုင်းပဲ။”

အဲဒီဖျက်ဆီးနေတဲ့ နေရာကို ရောက်ရှိနေတဲ့ သံဃာတော် ၁ ပါးကလည်း ခုလို မိန့်ပါတယ်။

“ဘုန်းကြီးတို့က မေတ္တာရပ်ခံပေးရုံကလွဲလို့ ဘာမှလုပ်မရဘူးလေ။ အဲတော့ မီဒီယာတွေကနေ ဒါတွေမသင့်တော်ဘူးဆိုတာ တင်ပြပေးပါ။ အထက်အမိန့် ဘယ်လိုမှမရဘူးဆိုလည်း ရက်ကလေးစောင့်ပေးလေ ၁၅ ရက်တန်သည်၊ ၁ လတန်သည်၊ ပြောင်းရွှေ့လို့ရအောင်လေ။ ဘုန်းကြီးပြောတာ သဘာဝမကျဘူးလား။ အများကိုငဲ့ညှာသောအားဖြင့်လေ။”

ပြောင်းရမယ့်အိမ်မြေတွေကတော့ ချမ်းမြသာစည်မြို့နယ်က အောင်သာယာနဲ့ ကန်သာယာရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်က ကန်ကြီးကုန်းနဲ့ ဇီးအုပ်ရပ်ကွက်၊ အမရပူရမြို့နယ်က ကုန်းတန်းနဲ့ ရေအိုးစဉ်တန်းရပ်ကွက်တွေက မြေကွက်ပေါင်း ၃ ထောင်ကျော်ကို စည်ပင်က ဖယ်ခိုင်းထားတာပါ။

နဂိုကတည်းက ဒီမြေကွက်တွေကို ဂရမ်တွေနဲ့ အရောင်းအ၀ယ်လုပ်တာ မဟုတ်ဘဲ စွန့်စားရောင်းဝယ်ကြတာဖြစ်ပါတယ်။ အဲဒီအစွန်အဖျားဒေသတွေဟာ မြို့တစပ်တည်း လို ဖြစ်လာဖွယ်ရှိတဲ့နောက် ဈေးကောင်းလာရာက ဖျက်သိမ်းမှုစလာတာဖြစ်ပါတယ်။ ကနဦးပိုင်းက မြေကွက်တွေကို လျော်ကြေးပေးသိမ်းတာလို့ စည်ပင်သာယာက ပြောပေမယ့် ၁ ဧကကို ကျပ် ၄ ထောင်နှုန်းနဲ့ ပေးပြီး ၃ ဧက အထက်ကို မြေကွက်ပေးမယ်ဆိုပြီး မပေးတာကြောင့် အကွက်ရိုက်ရောင်းကြတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013