DVB Logo
Home
မြန်မာသတင်း
RCSS နှင့် ငြိမ်းချမ်းရေးကော်မရှင် ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
DVB
·
January 14, 2019
RCSS နှင့် ငြိမ်းချမ်းရေးကော်မရှင် ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတားအဆီးဖြစ်နေတဲ့ ကိစ္စတွေကျော်လွှားနိုင်ဖို့  မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ဒီမနက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အလွတ်သဘောတွေ့ဆုံတာဖြစ်လို့ ဆုံးဖြတ်ချက်ချတာမရှိခဲ့ဖူးလို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ RCSS/SSA  က ဗိုလ်မှူးကြီးစိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ အခုကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ကိစ္စတွေကို ကျနော်တို့ ဘယ်လိုကျော်လွှားရမလဲဆိုတာနဲ့ ပတ်သက်ပြီး ၀ိုင်းပြီးနည်းနာတွေ၊ နည်းလမ်း ရှာဖွေကြတာဖြစ်ပါတယ်။ တစ်ဆို့နေတဲ့အချက်တွေကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ ပြီးခဲ့တဲ့ ညီလာခံတွေမှာ ခွဲမထွက်ရဆိုတဲ့ကိစ္စနဲ့ တခုတည်းသော တပ်မတော်ထားရှိရေးကိစ္စ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ ဘယ်လိုနည်းလမ်းရှာမလဲဆိုတာကို ပြောဆိုဆွေးနွေးတာ ဖြစ်ပါတယ်။ အခုက အလွတ်သဘောဘဲဆွေးနွေးတာဆိုတော့ လာမယ့်ဆွေးနွေးပွဲတွေမှာ  နောက်တဆင့် ဘယ်လိုဆက်ဆွေးနွေးမလဲလို့ တော့ပြောကြတယ်။ လာမယ့်အဆင့်မှာ RCSS နဲ့ NRPC ရော တပ်မတော်ပါ တွေ့ဖို့ ဆွေးနွေးထားတာရှိတယ်၊ နေ့ရက်တော့ ပြန်ညှိနှိုင်းရမယ်၊ ဒီ ၁ လ ၂ လ အတွင်းပေါ့။”

RCSS/SSA ဟာ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် ဒီနောက်ပိုင်း မြန်မာ့တပ်မတော်နဲ့ထိတွေ့ပစ်ခတ်မှု အနည်းငယ်ရှိခဲ့ကြောင်း၊ အဲဒီကိစ္စတွေကတော့ တပ်မတော်နဲ့ တွေ့ဆုံမှ သီးသန့်ဆွေးနွေးဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံမှုမှာ တပ်မတော်က ဖမ်းဆီးအရေးယူထားတဲ့ RCSS/ SSA အဖွဲ့ဝင်တွေနဲ့ ရွာသားစုစုပေါင်း ၈၀ နီးပါးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ စာတစ်စောင်ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေးကော်မရှင်ဘက်က အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊  နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်မှူးချုပ် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေနဲ့ ဦးအောင်စိုးတို့ တက်ရောက်ခဲ့ပြီး RCSS/SSA ဘက်ကတော့ ဗိုလ်ချုပ်ပေါင်ခေး၊  ဗိုလ်မှူးကြီး စိုင်းငင်း အပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ၄ ဦးတက်ရောက်ခဲ့ပါတယ်။

မြန်မာငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ မနေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013