DVB Logo
Home
မြန်မာသတင်း
အခမဲ့အရေးပေါ် လူနာတင်ယာဉ်ပို့ဆောင်ရေး ရန်ကုန်တွင် စတင်
DVB
·
September 16, 2012
Donate to DVB

မြန်မာနိုင်ငံရဲ့ ပထမဆုံး အရေးပေါ်လူနာအသက်ကယ်တင် ပို့ဆောင်ရေး ဖောင်ဒေးရှင်း ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကမကထ လုပ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က စတင်ထူထောင် ဖွဲ့ စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူနာအများစုဟာ ဆေးရုံကို ဖြစ်သလိုလာနေကြရပြီး အရေးပေါ်အခြေအနေမှာ လူနာတွေကို လျင်မြန်ထိရောက်စွာ အသက်ကယ်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့ ဖောင်ဒေးရှင်းရဲ့ အထွေထွေမန်နေဂျာ ဒေါက်တာ အောင်လင်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ကျနော်တို့ ဆရာကြီးတွေ စစ်တမ်းတွေ ကောက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာရတဲ့ ကိစ္စနဲ့ပတ်သက်လို့ရော၊ အရေးပေါ်ကိစ္စတွေနဲ့ ပတ်သက်လို့ရော ဆေးရုံတွေကို လာတဲ့လူနာတွေဟာ ၃ ရာခိုင်နှုန်းလောက်သာ အရေးပေါ်လူနာကယ်တင်ရေးယာဉ်နဲ့ လာနိုင်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ ၉၇ ရာခိုင်နှုန်းက ကြုံရာပဲ လာကြရတယ်။ တချို့လူနာတင်ယာဉ်တွေက သယ်ယူပို့ဆောင်တာပဲ ရှိပါတယ်။ အဲဒီမှာ အသက်ကယ်တင်နိုင်တဲ့ ပစ္စည်းတွေ မပါတဲ့ အနေအထားတွေရှိပါတယ်။ တချို့လူနာတွေက မှန်ကန်စွာ ရောက်ရောက်ချင်းကုသပြီးတော့ အသက်ရှင်နိုင်တဲ့အနေအထားရှိသလို တချို့ဒဏ်ရာရတဲ့သူတွေ မှန်ကန်စွာ ကယ်နိုင်လို့ရှိရင် အသက်ရှင်နိုင်တဲ့ ပိုပြီး မဆိုးသွားနိုင်တဲ့အနေအထားတွေရှိပါတယ်။ ”

ဖောင်ဒေးရှင်းအနေနဲ့ အရေးပေါ် လူနာတွေကို ဆေးရုံကို အချိန်မီပို့ဆောင် ပေးရုံသာမက လမ်းတလျှောက်မှာလည်း ပြုစုကုသပေးနိုင်အောင် လူနာတင်ယာဉ်ပေါ်မှာ ကျွမ်းကျင်တဲ့ ဆေးဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာ အပြည့်အစုံတပ်ဆင်ပေးထားတယ်လို့လည်း ဒေါက်တာအောင်လင်းက ပြောပါတယ်။

“ဒီလုပ်ငန်းမှာ အသုံးပြုမယ့်ကားတွေပေါ်မှာ ဆရာဝန်ပါမယ်။ paramedic ဆိုတာ သူက လက်ထောက်ကျန်းမာရေးမှူးထက် အဆင့်မြင့်တယ်။ သူဟာ အသက်ကယ်နည်းတွေနဲ့ ပတ်သက်ပြီး သေသေချာချာလေ့ကျင့်ပေးထားသူပေါ့။ တပ်မတော်က အငြိမ်းစားယူထားတဲ့ medical assistant တွေကို သေချာထရိန်နင်ပေးပြီး အလုပ်ကိုစလုပ်ပါတယ်။ ကားပေါ်မှာလည်း အနည်းဆုံး အောက်စီဂျင်ကတော့ တခြားကားတွေလည်း ပါတယ်၊ နောက်တခုက လူနာရဲ့ နှလုံးတွေ၊ အဆုတ်တွေ၊ အသက်ရှူတဲ့ကိစ္စတွေမှာ သူ့ရဲ့ သွေးထဲမှာ အောက်စီဂျင်ပျော်ဝင်နှုန်း ဘယ်လောက်ရှိတယ်ဆိုတာ ပါတဲ့ monitor တွေနဲ့ ဒါတွေတပ်ဆင်ပြီး ဒီကိစ္စတွေပေါ်မှာ ထွက်လာတဲ့ ရလဒ်ပေါ်မူတည်ပြီး ပြုပြင်ပြီး ကုသမယ့်အနေအထားမျိုး ရှိပါတယ်။”

အရေးပေါ်လူနာတွေအတွက် လူနာတင်ယာဉ်ဝန်ဆောင်မှုပေးမယ့် လုပ်ငန်းတွေ ကို အောက်တိုဘာ ၁ ရက်နေ့ စတင်မှာဖြစ်ပြီး လတ်တလော ရန်ကုန် စည်ပင် နယ်နိမိတ်တွင်းက လူနာရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၄၂၁၀ ၆၀၉၉၉၊ ၀၉ ၄၂၁၀ ၆၃၉၉၉၊ ၀၉ ၄၂၁၀ ၇၂၉၉၉ တွေကို ၂၄ နာရီလုံး ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ် လို့ ဆိုပါတယ်။

ဖောင်ဒေးရှင်းအနေနဲ့ နောက်ပိုင်းမှာ မန္တလေးတိုင်း၊ တခြား ပြည်နယ်နဲ့တိုင်း အသီးသီးကမြို့တွေမှာလည်း တိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013