
ထိုင်းနိုင်ငံအတွင်း အခုဧပြီလအစောပိုင်းမှာ အပူအညွှန်းကိန်းဟာ အန္တရာယ်ရှိတဲ့အဆင့်ဖြစ်တဲ့ ၆၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်တယ်လို့ ထိုင်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၆ ရက်မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။
ဒီအခြေအနေဟာ ထိခိုက်လွယ်တဲ့ လူအုပ်စုတွေအတွက် အဓိကခြိမ်းခြောက်အန္တရာယ်တခု ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးဌာနကပြောတဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
အပူအညွှန်းကိန်း (Heat Index) ဆိုတာ လေထုအပူချိန်နဲ့ စိုထိုင်းဆကို ပေါင်းစပ်တိုင်းတာတာ ဖြစ်ပြီး လူ့ခန္ဓာကိုယ်က အမှန်တကယ် ခံစားရတဲ့ အပူချိန်ကို ဖော်ပြတာ ဖြစ်ပါတယ်။
“Heat Index (အပူချိန်အညွှန်းကိန်း) 60°C” လို့ ပြောတာက တကယ်ရှိတဲ့ လေထုအပူချိန် (air temperature) မဟုတ်ဘဲ၊ လူကို ခံစားရတဲ့ အပူပမာဏကို ဖော်ပြတာပါ။ Heat Index ဆိုတာကလေထုအပူချိန် (Temperature)နဲ့ လေထုစိုထိုင်းဆ (Humidity) ကို တွဲပြီးတွက်ထားတဲ့ “လူခံစားရတဲ့ အပူ” လည်း ဖြစ်ပါတယ်။
စိုထိုင်းဆ များပြားတာက အပူဒဏ်ကို သိသိသာသာ ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နာတာရှည်ရောဂါ ရှိသူတွေ၊ အဝလွန်သူတွေ၊ အပြင်မှာ အလုပ်လုပ်ရသူတွေနဲ့ စိတ်ကျန်းမာရေး ဝေဒနာရှင်တွေအတွက် အန္တရာယ်ပိုများတယ်လို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။
နေ့လယ် ၁ နာရီကနေ ၄ နာရီအတွင်း အပြင်ထွက်လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့၊ ရေငတ်တာကို မစောင့်ဘဲ တနေ့ကို ရေ ၈ ခွက်လောက် သောက်ဖို့နဲ့ အပြင်ထွက်တဲ့အခါ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ၊ ဦးထုပ်တွေနဲ့ ထီးတွေကို အသုံးပြုဖို့ မိုးလေဝသ ခန့်မှန်းချက်တွေနဲ့ အပူချိန်ညွှန်းကိန်း သတင်းတွေကို သတိထားကြည့်ရှုကြဖို့၊ အပူရှိန်ပြင်းနေချိန်မှာ အရက်သေစာတွေ၊ သကြားဓာတ်များတဲ့ အချိုရည်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
တချို့ဆေးဝါးတွေဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်းကို လျော့နည်းစေနိုင်တဲ့အတွက် သွေးတိုးကျဆေး၊ နှာပိတ်ပျောက်ဆေး၊ ဆီးဆေးနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ အပါအဝင် ဆေးတချို့ကို သောက်သုံးနေရသူတွေအနေနဲ့ မိမိတို့အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့လည်း အကြံပြုထားပါတယ်။
အပြင်မှာ လေ့ကျင့်ခန်းလုပ်သူတွေ ဒါမှမဟုတ် အလုပ်လုပ်သူတွေအနေနဲ့ အုပ်စုလိုက် လုပ်ဆောင်သင့်ပြီး အပူဒဏ်ကြောင့် ထိခိုက်တဲ့ လက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်ပေးသင့်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
Source: Bangkok Post










