DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းကိစ္စ တရုတ်ထုတ်ပြန်ခဲ့သလို ပြောကြားခြင်းမရှိဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီပြော
DVB
·
January 13, 2019
မြစ်ဆုံစီမံကိန်းကိစ္စ တရုတ်ထုတ်ပြန်ခဲ့သလို ပြောကြားခြင်းမရှိဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီပြော
Donate to DVB

တရုတ်သံရုံးက ထုတ်ပြန်သလိုမျိုး မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း ကချင်ပါတီတွေက ပြောကြားခဲ့တာမဟုတ်ဘူးလို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက တရုတ်သံအမတ်ကြီးဟာ ကချင်ပြည်နယ်ကို ၂ ရက်ကြာ ခရီးသွားရောက်ခဲ့ပြီး နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ တွေ့ဆုံခဲ့သူတွေနဲ့ပတ်သက်ပြီး တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ လက်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရာမှာ ရင်ဆိုင်နေရတဲ့ အချက်အခဲတခုဟာ ၇ နှစ်ကြာရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဖြစ်တယ်လို့ သံအမတ်ကြီးက ပြောဆိုပါတယ်။ ဒီပြဿနာ မဖြေရှင်းဘဲ အကြာကြီးအချိန်ဆွဲမယ်ဆိုရင် တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ ယုံကြည်စိတ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဆောက်ဖို့အတွက်လည်း လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား အရေးတကြီး လိုမှာဖြစ်လို့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်-မြန်မာနှစ်ဖက်လုံး လက်ခံနိုင်တဲ့၊ သင့်လျော် ပြေလည်တဲ့ အဖြေကို အမြန်ဆုံးရှာဖွေဖို့ အစွမ်းကုန်ကြိုးစားနေသလို ကချင်ပြည်နယ်က တိုင်းရင်းသားပြည်သူ အားလုံးရဲ့ ထောက်ခံမှု ရဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

ထုတ်ပြန်ချက် နောက်တပိုဒ်မှာတော့ “ကချင်ပြည်နယ် နိုင်ငံရေးပါတီနှင့် လူမှုရေး အဖွဲ့အစည်းခေါင်းဆောင်များသည် ကချင်ပြည်နယ်က “the Belt and the Road” နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြင်္ံတည်ဆောက်ရေးလုပ်ငန်းကို ပါဝင်နိုင်အောင် တက်ကြွစွာ တွန်းအားပေးလိုပါကြောင်း၊ တရုတ်ကုမ္ပဏီများ ကချင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုပါကြောင်း၊ ကချင်ပြည်နယ် နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ပါကြောင်း၊ ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့် အဖွဲ့အစည်း ဖြစ်ပါကြောင်း ပြန်လည်ပြောကြား ခဲ့ပါသည်။ သံအမတ်ကြီး Mr. Hong Liang သည် ကချင်ပြည်နယ်နှင့် လူမှုရေးအဖွဲ့အစည်းများ မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်သည့် သဘောထားကို ချီးကျူးပြီး မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရထံသို့ ကိုယ့်သဘောထားကို တင်ပြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်” လို့ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာ တွေ့ဆုံခဲ့သူတယောက်ဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက သံရုံးရဲ့ ထုတ်ပြန်ရာမှာ ပါသလိုမျိုး ကချင်ပါတီတွေဘက်က စီမံကိန်းကို လက်ခံသလိုမျိုး မပြောခဲ့ဘူးလို့ ပြောပါတယ်။

“မြစ်ဆုံကိစ္စကတော့ အစိုးရက လုပ်ခိုင်းရင် အစိုးရအပြစ်ပဲ ဖြစ်မှာပေါ့။ အစိုးရအပေါ်မှာပဲ မူတည်တယ်လို့ ပြောလိုက်တယ်။ လုပ်ခိုင်းမယ်လို့ မထင်လို့။ အရင်အစိုးရ ကတောင် ရပ်ထားခဲ့တာလေ။ သူတို့ (တရုတ်) ကတော့ ဆက်လုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောတယ်။ လျှပ်စစ်ဓာတ်အားလိုတယ်ဆိုတာက သူတို့ကပဲ ပြောတာ။”

သံအမတ်ကြီးနဲ့ တွေ့ဆုံရာမှာ ပူးပေါင်းဖို့စီစဉ်နေတဲ့ ကချင် ၃ ပါတီလုံး အတူတကွ တွေ့ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကလည်း “မြစ်ဆုံစီမံကိန်းကို ရပ်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လျော်ရမယ့် ကိစ္စက တော်တော်လေးကို ကြီးမားတယ်။ အဲဒီလိုလည်း မဖြစ်စေချင်ဘူး။ အကောင်းဆုံး အဆင်ပြေပြီး ဆက်လုပ်ချင်တဲ့ သဘော သူတို့ ပြောတယ်။ ကျနော်တို့ကတော့ ဒါဟာ ပြည်သူ့သဘောထားနဲ့ နိုင်ငံတော်ရဲ့ ဦးဆောင်ဦးရွက်ပြုတာကိုပဲ စောင့်ကြည့်သွားမယ်လို့ ပြောလိုက်ပါတယ်” လို့ ပြောပါတယ်။

အဓိကကတော့ ပြည်သူတွေရဲ့ သဘောထားဖြစ်ပြီး အစိုးရအနေနဲ့လည်း ပြည်သူတွေနစ်နာအောင် လုပ်မယ်လို့ မထင်ကြောင်းပြောခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုရလက်ထက် ၂၀၁၁ ခုနှစ်မှာ ဆိုင်းငံ့ထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013