DVB Logo
Home
မြန်မာသတင်း
မိန်းကလေး ၂ ယောက်အား တရုတ်အမျိုးသားနှင့်လက်ထပ်ရန် လိမ်ညာခေါ်ဆောင်သူများကို ဖမ်းမိ
DVB
·
January 13, 2019
မိန်းကလေး ၂ ယောက်အား တရုတ်အမျိုးသားနှင့်လက်ထပ်ရန် လိမ်ညာခေါ်ဆောင်သူများကို ဖမ်းမိ
Donate to DVB

နေပြည်တော်က မိန်းကလေး ၂ ယောက်ကို တရုတ်အမျိုးသားနဲ့လက်ထပ်ဖို့အတွက် လိမ်ညာခေါ်ဆောင်သွားခဲ့သူတွေကို ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းရွာက အသက် ၁၈ နှစ်အရွယ် မဇင်မာခိုင်ဟာ တရုတ်နိုင်ငံက ပြန်ရောက်နေတဲ့ သတင်းကြားလို့ နေပြည်တော် အမှတ် ၁ လူကုန်ကူးမှု တားဆီး နှိမ်းနင်းရေးရဲတပ်ဖွဲ့စုက ဇန်နဝါရီ ၁၀ ရက်မှာ သွားရောက် စစ်ဆေးခဲ့ပါတယ်။

မေးမြန်းရာမှာ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်နေ မနှင်းအိဖြူ၊ ဖြုတ်ခွဲရွာနေ မခိုင်တို့က ရန်ကုန်မြို့ မုန့်တိုက်တခုမှာ အလုပ်သမားလိုနေလို့ တလကို စရိတ်ငြိမ်း ၁ သိန်းခွဲရမှာဖြစ်ပြီး လမ်းစရိတ်ပါ ကျခံပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ ၈ ယောက်လောက် လိုက်ပါမယ်လို့လည်း ယုံကြည်အောင် ပြောဆို စည်းရုံးခဲ့တာကြောင့် တရပ်ကွက်တည်းနေ အသက် ၂၀ အရွယ် မမာဦး(ခ)ဇင်မာဦးတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က သိုက်ချောင်းရွာထိပ်မှာ တွေ့ဆုံပြီး စည်းရုံးခဲ့သူ ၃ ယောက်နဲ့အတူ လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ မူဆယ်ကတဆင့် တရုတ်ပြည်ကို ရောက်ခဲ့ပြီး တရုတ်ယောက်ျားကိုယူမယ်ဆိုရင် ၃၅ သိန်းရမှာဖြစ်ပြီး မယူရင် ၃၅ သိန်း ပြန်လျော်ရမယ်လို့ ပြောခဲ့ပါတယ်။

မဇင်မာခိုင်က မလုပ်နိုင်ဘူးလို့ ပြောပြီး သူ့အိမ်နဲ့အဆက်အသွယ်လုပ်ပြီး ပြန်လာရာမှာ ဇန်နဝါရီ ၇ ရက်နေ့မှာ ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တရုတ်အမျိုးသားနဲ့ အဓမ္မထိမ်းမြားလက်ထပ်ဖို့ စည်းရုံးပို့ဆောင်ခဲ့တဲ့ ဇေယျာသီရိ မြို့နယ်နေ မနှင်းအိဖြူနဲ့ မသင်းသင်းခိုင် (ခ)မခိုင်၊ ပုဗ္ဗသီရိမြို့နယ်နေ မခိုင်တို့ကို အမှုဖွင့်ပြီး သူတို့ရဲ့ နေအိမ်အသီးသီးမှာ သွားရောက် ဖမ်းဆီးနိုင်ခဲ့ပြီး ရွှေတွင်းကုန်း မြို့မရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၂၄/၂၈(က)/၃၂ နဲ့ အမှုဖွင့်ထားတယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း နေပြည်တော်ပတ်ဝန်းကျင်က မိန်းကလေးတွေကို တရုတ်နိုင်ငံ ပို့ဆောင်ဖို့ လူကုန်ကူးခဲ့သူတွေကို ထောင်ဒဏ် နှစ် ၄၀ စီချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ လူကုန်ကူးမှုပေါင်း ၂၀၇ မှုထိဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရသိရပါတယ်။ လူကုန်ကူးခံရမှုတွေထဲမှာ  တရုတ်မယားအဖြစ် လူကုန်ကူးခံရတဲ့အမှုက အများဆုံးဖြစ်ပြီး ဒုတိယကတော့ ပြည်တွင်းမှာ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရတာဖြစ်ပါတယ်။

https://www.facebook.com/238575360087717/photos/pcb.326924617919457/326924531252799/?type=3&theater

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013