DVB Logo
Home
မြန်မာသတင်း
ညဘက် အချိန်ပိုဆင်းသည့် အလုပ်သမားများ၏ လုံခြုံရေးတာဝန်ယူပေးရန် တောင်းဆို 
ဇွဲသစ်
·
May 24, 2026
ညဘက် အချိန်ပိုဆင်းသည့် အလုပ်သမားများ၏ လုံခြုံရေးတာဝန်ယူပေးရန် တောင်းဆို 
Donate to DVB

ရန်ကုန်မြို့မှာ ညဘက် ပေါ်တာဆွဲတာတွေ ရှိနေတာကြောင့် စက်ရုံတွေမှာ ညပိုင်း အချိန်ပိုဆင်းတဲ့ အလုပ်သမားတွေအတွက် အလုပ်ရှင်တွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ ဖယ်ရီတွေ စီစဉ်ပေးဖို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS က တောင်းဆိုလိုက်ပါတယ်။ 

အဖွဲ့ချုပ်နဲ့ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) တို့ မေ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ထည့်သွင်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

စက်ရုံအလုပ်ရုံတွေအနေနဲ့ အလုပ်သမားတွေကို ညလုံးပေါက် အချိန်ပို အလွန်အကျွံ ခိုင်းစေတာတွေ၊ အလုပ်သမားတွေ အလုပ်ကအပြန် လမ်းခရီးမှာ ဖမ်းဆီးခံရတဲ့ ကိစ္စတွေကို အလုပ်ရှင်တွေနဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖို့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ MICS-TUsF ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။

“ကျနော်တို့ အလုပ်သမားတွေ အလုပ်ကအပြန်မှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတဲ့ ကိစ္စရပ်တွေကို အတူတကွ ဖြေရှင်းနိုင်ဖို့အရေး ကျနော်တို့ MICS ကနေ တောင်းဆိုတာရှိတယ်။ အလုပ်သမားတွေ အလုပ်အချိန်ပိုကနေအပြန် ဖမ်းဆီးထိန်းသိမ်းခံရတာကို သိတာနဲ့တပြိုင်နက် အလုပ်ရှင်က တာဝန်ယူပေးဖို့ကိစ္စတွေကို ဆွေးနွေးတာတွေ ရှိတယ်။ နောက်တခုက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ Article 33 အရ မြန်မာနိုင်ငံမှာ အရေးယူ ဆောင်ရွက်ဖို့ ကိစ္စရပ်တွေမှာ ကျနော်တို့ MICS စောင့်ကြည့်မဲ့ လုပ်ငန်းစဉ်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့တွေကို ဆွေးနွေး ဖြစ်ပါတယ်”

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လူငယ်တွေကို အလှည့်ကျမဲနှိုက် စစ်သားစုဆောင်းနေသလို၊ ရန်ကုန်မြို့က လူပြတ်တဲ့နေရာတွေမှာ ညဘက်သွားလာသူတွေကို စစ်သားစုဆောင်းဖို့ ပေါ်တာဆွဲတဲ့ ဖြစ်ရပ်တွေ ပိုများလာတယ်လို့ MICS အဖွဲ့ချုပ်က ဆိုပါတယ်။

ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့ လုံခြုံရေးအာမခံချက်မပေးနိုင်ရင် ဥပဒေထက်ကျော်လွန်တဲ့ ညလုံးပေါက် အချိန်ပိုခေါ်ယူတာနဲ့ အလုပ်သမားရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းတာတွေ မလုပ်ကြဖို့ သတိပေးထားတာပါ။

လက်တွေ့မှာတော့ အလုပ်သမားတွေဟာ စက်ရုံတွေမှာ အချိန်ပို အလွန်အကျွံ ဆင်းခိုင်းတာတွေအပြင် သတ်မှတ်စံနှုန်းမပြည့်ရင် လစာဖြတ်တောက်တာ၊ အကူအညီ မတောင်းခံနိုင်အောင် ဖိအားပေးခံရတာတွေ ရှိနေတယ်လို့ ရွှေပြည်သာစက်မှုဇုန်က စက်ရုံအလုပ်သမားတယောက်က ပြေပါတယ်။

“ညဘက်သွားရေးလာရေး အဆင်မပြေတာဖြစ်တဲ့အတွက် အိုတီကို ၆ ခွဲ ဆင်းပေးဖို့ ပြောတယ်။ ဒါပေမဲ့ စက်ရုံဘက်က လုံးဝညှိလို့ မရဘူး။ သူတို့ လုပ်ငန်းလိုအပ်ချက်အရ အော်ဒါတွေ အရေးကြီးတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ အိုတီ ခေါ်ရမယ်ပြောတယ်။ အကယ်လို့ ၆ ခွဲ ပြန်ချင်တယ်ဆိုရင် သူတို့ဘက်က လက်မခံဘူး။ လက်မခံတာဖြစ်တဲ့အတွက် ဆင်းရတယ်။ တကယ်လို့ စက်ရုံကပေးတဲ့ လည်ဆွဲကတ်ကို လူတိုင်း ဆွဲပြီးပြန်ပါ။ လမ်းမှာ တခုခု ဖြစ်တယ်ဆိုတာနဲ့ စက်ရုံဘက်ကနေ သူတို့ ဖြေရှင်းပေးမယ် ပြောတယ်။ ဖြေရှင်းပေးမယ်ဆိုတာလည်း တကယ်မဖြစ်သေးလို့ပေါ့နော်။ တကယ် ဖြစ်လာတဲ့အခါ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မှာလဲ။ အဲလိုမျိုး မေးတဲ့အခါ ဒီလိုမျိုးမေးတဲ့ ဝန်ထမ်းက အမျိုးမျိုး အဆင်မပြေမှုတွေ ဖြစ်သွားတယ်”

MICS အဖွဲ့ချုပ်နဲ့ ဥရောပကုန်သည်ကြီးများအသင်းတို့ရဲ့ ဆွေးနွေးပွဲမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ တိုးမြှင့်ရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ၊ လုပ်ငန်းခွင်ဖိနှိပ်မှုတွေအပြင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေ ပြန်လွှတ်ပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ပထမပတ်အတွင်းကလည်း ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ လူငယ် ၂ ယောက်ကို စစ်တပ်က လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန် အထည်ချုပ်စက်ရုံကအပြန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်မျိုးရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013