
မြန်မာ့ပို့ကုန်တွေကို အမေရိကန်က ပြန်ဖွင့်ပေးလိုက်ရင် မြန်မာ့အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုးဖို့အတွက် အလားအလာကောင်းတွေ ရှိတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောပါတယ်။
ဩဂုတ်လဆန်းပိုင်းက သက်တမ်းတိုးထားတဲ့ မြန်မာ့ပို့ကုန်တွေကို ပိတ်ပင်ထားတဲ့ ဥပဒေကို ရှေ့လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ရုပ်သိမ်းကြောင်း ကြေညာနိုင်တယ်လို့ ၀ါရှင်တန်က လာတဲ့ Financial Times သတင်း ၁ ပုဒ်မှာ သုံးသပ်ရေးသားထားပါတယ်။
အထည်အလိပ်အပါအ၀င် မြန်မာ့ ပို့ကုန်တွေကို ၂၀၀၃ ခုနှစ်မှာ အမေရိကန် အစိုးရက ပိတ်ပင်ထားတာဖြစ်ပါတယ်။
အဲဒီနှစ်တိုင်ခင် ၂၀၀၁ ခုနှစ်က မြန်မာ့အထည်ချုပ်လုပ်ငန်းက ရတဲ့ ၀င်ငွေဟာ အမေရိကန် ဒေါ်လာ ၈၂၈ သန်းရှိခဲ့ရာကနေ၊ ၂၀၁၀ မှာ ၁၈၃ သန်းအထိ ကျဆင်းခဲ့ပါတယ်။
“သူတို့ရဲ့ ဈေးကွက် ရှယ်ယာက ၆၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျနော်တို့ရဲ့ တကမ္ဘာလုံးကို ၁၀၀ ပို့ရင် သူတို့က ၆၀ ရာခိုင်နှုန်းလောက် ရှိတယ်။”
ဒါပေမယ့် မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာတော့ မြန်မာ့အထည်အလိပ်လုပ်ငန်းလည်း တကျော့ပြန် စန်းပွင့်လာပါတယ်။
တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ ဥရောပနိုင်ငံတွေကနေ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနဲ့ တူရကီအထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ အထည်အလိပ်ပို့ကုန်ကနေရတဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၇၇၀ အထိ ပြန်တက်လာပါတယ်၊၊
အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ အမေရိကန် ဈေးကွက်ကို ပြန်ရ ရင် လက်ရှိအထည်ချုပ်လုပ်ငန်းအတွက် အလားအလာ ကောင်းတယ်လို့ ပြောပါတယ်။
“အရင်တုန်းက မပိတ်ခင်တုန်းက အများသုံး ဈေးကွက်ရှယ်ယာက ယူအက်စ်ပဲ။ တကမ္ဘာလုံးကလည်း အမေရိကန်ရဲ့ အ၀တ်အထည်ဈေးနှုန်းကို အားလုံးက သဘောကျကြတာကို။ ဒါကြောင့် ဒီဟာ ဖွင့်လာရင်တော့ တကမ္ဘာလုံးရဲ့ အထည်ချုပ်လုပ်ငန်းအတွက် ကောင်းတယ်လို့ အငြင်းပွားဖွယ် မရှိပါဘူး။”
စီးပွားရေးပညာရှင် ဦးမော်သန်းကလည်း မြန်မာပို့ကုန်တွေကို အမေရိကန်က ပြန်ဖွင့်ပေးလိုက် ရမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုနိုင်တယ်လို့ ပြောပါတယ်။
“တိုင်းပြည်ကတော့ တိုက်ရိုက်တော့ ပို့လို့ ရသွားပြီ၊ အခုလောလောဆယ်လည်း ပို့တာတော့ ရှိနေတာပဲ။ စင်ကာပူတို့ကနေ တဆင့်ပို့တာတို့ တိုက်ရိုက်ပို့တာတို့ သွားနေတာပဲလေ။ မြန်မာအနေနဲ့ကလည်း ပို့ကုန်ဆိုတာကလည်းပဲ လက်ခယူပြီး ပို့တဲ့ဟာမျိုးတွေပေါ့။ အရင်ကတော့ တဆင့်သွားတာပေါ့။ အခုကျတော့ တဆင့်မသွားဘဲ တိုက်ရိုက်သွားတာမျိုးကို လုပ်ခအားဖြင့် ပိုပြီး တည်ငြိမ်တာပေါ့။ သိပ်ပြီး ပြောင်းလဲသွားနိုင်စရာတော့ မရှိပါဘူး။ အထူးသဖြင့် လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အမေရိကားရဲ့ ဆန်ရှင်က ပို့ကုန်တွေ သွင်းကုန်တွေ တော်တော်လေး အဟန့်အတား ဖြစ်တဲ့အပြင် ငွေကြေးနဲ့ ပတ်သက်ပြီး ဗမာပြည်ကနေ ပိုက်ဆံ ပို့လိုက်တာတို့၊ ဗမာပြည်ကို ပိုက်ဆံပြန်ပို့တာတို့ အဲဒါတွေက အနှောင့်အယှက် ပိုပြီး ထိခိုက်တယ်ဗျ။”
မြန်မာပို့ကုန်တွေကို အမေရိကန် မပိတ်ခင် နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်တုန်းက မြန်မာပြည် ကနေ အမေရိကန်ကိုတင်ပိုတဲ့ အ၀တ်အထည်နဲ့ တခြား ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃၅၆ ဒဿမ ၄ သန်း ရှိခဲ့ပါတယ်။
ပို့ကုန်တွေ စပိတ်တဲ့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ကို ပို့တဲ့ မြန်မာပို့ကုန်တန်ဖိုး ၂၇၅ ဒဿမ ၇ သန်းထိ ထိုးကျသွားပြီးနောက်၊ နောက်ပိုင်းနှစ်တွေမှာ လုံးဝမတင်ပို့နိုင်တော့ဘဲ ပို့ကုန်တန်ဖိုး သုညအထိ ကျဆင်းနေပါတယ်။











