
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာရဲ့ အရှေ့ဘက် အလယ်ချောင်း ရွာသစ်အနီးမှာ ဇန်နဝါရီ ၁၃ ရက် မနက် ၇ နာရီခွဲက စတင်ပြီး အေအေ နဲ့ တပ်မတော် တို့ တိုက်ပွဲဖြစ်နေတဲ့အတွက် လူ ၂၀၀ ကျော် ထွက်ပြေးလာကြပါတယ်။
အလယ်ချောင်းရွာသစ်မှာနေထိုင်တဲ့ လူ ၂၀၀ ကျော် သရက်ပြင်ကျေးရွာကို ထွက်ပြေး လာကြတာဖြစ်ပြီး ဒီဗွီဘီက ရရှိတဲ့ ရုပ်သံထဲမှာတော့ လက်နက်ကြီးသံတွေ၊ ပစ်ခတ်သံတွေနဲ့ အတူ ဒေသခံ ကလေး၊ လူကြီးတွေ ထွက်ပြေးလာကြတာကို တွေ့မြင်ရပါတယ်။
"ရွာနဲ့နီးပါတယ်။ တိုက်ပွဲက ကျနော်တို့ အလယ်ချောင်း ခမီရွာပါ။ အခုရွာသား တ၀က် လောက်ထွက်ပြေးလာကြပါတယ်။ ဘူးသီးတောင် သရက်ပြင်ကျေးရွာကိုပါ အခုဘုန်းကြီးကျောင်း မှာပါ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကလေးအမေတွေ ပြေးလာကြတာပါ။ အားလုံး လူဦးရေ ၂၀၀ ကျော်ပါတယ်။ အခုပြေးလာကြတာ၊ တိုက်ပွဲက အခုထိဖြစ်တုန်းပါ။ လက်နက်ကြီး လက်နက်ငယ် ပေါင်းစုံနဲ့ ပစ်နေကြတာပါ။ ရွာသားအချိုတော့ ပုန်းခိုပြီး ကျန်ခဲ့ပါတယ်" လို့ပြောပါတယ်။
အလယ်ချောင်းရွာသစ်မှာ ခမီလူမျိုးတွေ နေထိုင်ကြပြီး အိမ်ခြေ ၄၁ လုံးရှိကြောင်း သိရပါတယ်။
ရခိုင်ပြည်အတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပြီး ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၅၀၀၀ လောက်ရှိပြီလို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားမှုအခြေနေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အေအေဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။










