DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေ ပြင်ဆင်ရန် အီးယူ၏ တိုက်တွန်းချက်ကို ပယ်ချ
DVB
·
September 16, 2012
မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေ ပြင်ဆင်ရန် အီးယူ၏ တိုက်တွန်းချက်ကို ပယ်ချ
1 / 3
Donate to DVB

မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်ဖို့ ဥရောပပါလီမန်ရဲ့ တိုက်တွန်းချက်ကို ထင်ရှားတဲ့ မြန်မာ လွှတ်တော်အမတ်တွေနဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေက ပယ်ချလိုက်ပါတယ်။

ရိုဟင်ဂျာလို့ ခေါ်တဲ့ နိုင်ငံမဲ့ အုပ်စုတွေအတွက် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို အဟန့်အတားဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြုပြင်ဖို့ ဥရောပ ပါလီမန်က တိုက်တွန်းလိုက်တာကို ပယ်ချလိုက်တာပါ။

ဥရောပ ပါလီမန်က ဝေဖန်တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကို  အမျိုးသားဒီမိုကရေစီ ပါတီသစ်က ဥက္ကဋ္ဌ ဦးသိန်းညွန့်က အခုလို ရှင်းပြပါတယ်။

[caption id="attachment_28066" align="alignright" width="278" caption="အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်"][/caption]

“၁၉၈၂ ခုနှစ် အမှတ် ၄ အရ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တာ၊ အဲမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုလို့ရတဲ့သူ၊ နိုင်ငံခြားသားဆိုတာ ခွဲထားတယ်။ အဲဒီအပြင် ကျနော်တို့ရဲ့ တိုင်းရင်းသားမျိုးနွယ်စုဆိုတာ ပုဒ်မ ၃ မှာ နိုင်ငံတော်တွင်ပါဝင်သော လယ်မြေတခုခုတွင် မြန်မာသက္ကရာဇ် ၁၀၈၅ ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နဲ့ ရှမ်း စသည့် တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။ အဲဒါ အတိအလင်းပြဋ္ဌာန်းထားတာပဲ။ တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘ နှစ်ပါးမှ မွေးဖွားသောလူတိုင်းသည် မွေးရာပါ နိုင်ငံသားဖြစ်သည်။ ကျန်တာက မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ ဥပဒေအရ နိုင်ငံသားပဲ။ ဒါ ဥပဒေမှာ အတိအလင်းခွဲထားလိုက်တာ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ရေးဆွဲထားတဲ့ ဥပဒေဟာ အခုအခြေအနေနဲ့ ကိုက်ညီနေတုန်းပဲလို့ ပြောပါတယ်။

[caption id="attachment_22609" align="alignleft" width="188" caption="ဒေါက်တာ အေးမောင်"][/caption]

“၁၉၈၂ နိုင်ငံသားဥပဒေဆိုတာ သက်သက်မဲ့ အလဟဿ ကိုယ်ရေးချင်သလို ရေးခဲ့ကြတာမဟုတ်ဘူး ဆိုတာ သိဖို့လိုတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေ ဖြစ်လာဖို့အတွက် ကျနော်တို့သိသလောက် ၁၉၇၃ ခုနှစ်မှာ census (သန်းခေါင်စာရင်း) ဦးနေ၀င်းက ကောက်တယ်။ ၁၉၇၄ ခုနှစ်က ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းဖို့အတွက်  referendum (ပြည်သူ့ဆန္ဒ ခံယူပွဲ) လုပ်တဲ့အခါ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ လူဦးရေဖောင်းပွနေတာကို တွေ့တယ်။ ၆ နှစ်ကျော်ကျော်၊ ၇ နှစ်လောက် တကယ့် ဥပဒေပညာရှင်တွေနဲ့ ရေးဆွဲပြီးခါမှ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။”

လူဦးရေ ပေါက်ကွဲနေတဲ့ နိုင်ငံတွေကြားမှာ ညှပ်နေတဲ့ မြန်မာပြည်အတွက် ၁၉၈၂ ခုနှစ် ဥပဒေဟာ ကိုက်ညီနေတုန်းပဲလို့လည်း ဒေါက်တာအေးမောင်က ဆိုတယ်။

“ဒီဘက်က ဘင်္ဂလားဒေ့ရှ်က ၁၉၇၁ ကနေ အခုဆိုရင် နှစ်ပေါင်း ၄၀ အတွင်းမှာ လူဦးရေက သန်း ၁၈၀ ကျော်သွားပြီ။ လွတ်လပ်ရေးရပြီးခါစက သန်း ၆၀ ကျော်ကျော်ပဲရှိတယ်လေ။ ဒီဘက်မှာ အိန္ဒိယရှိတယ်၊ ဟိုဘက်ကတရုတ်ရှိတယ်။ ပထ၀ီနိုင်ငံရေးအရ ကြားညှပ်နေတဲ့ နိုင်ငံတခုမှာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်၊ ပင်ရင်းနိုင်ငံသားတို့ရဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ ၀င်ရောက်လှုပ်ရှားဖို့အတွက် မိမိနိုင်ငံရဲ့ နိုင်ငံသားဥပဒေကို မိမိနိုင်ငံမှာရှိတဲ့ ပြည်သူလူထု ကိုယ်စားလှယ်တွေက ပြဋ္ဌာန်းခဲ့တယ်ဆိုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ပြည်သူ့လွှတ်တော်အမှတ် ၄/၁၉၈၂ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ။”

“၁၉၈၂ ဥပဒေကို ဒီနေ့ ဒီအချိန်ကာလမှာ ယနေ့အခြေအနေနဲ့ လျော်ညီကောင်းရှိချင်မှရှိမယ်။ ဒါပေမယ့် ဒီနိုင်ငံသားဥပဒေနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် နိုင်ငံသားတို့နဲ့ပဲ ပတ်သက်တယ်။ ကျနော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေက ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေက ဒီဥပဒေကို မပယ်ဖျက်သမျှကာလပတ်လုံး ဒီဥပဒေက အတည်ဖြစ်တာပဲ။ တခြားနိုင်ငံက ၀င်ရောက်စွက်ဖက်ပြီး ဘာဖြစ်သင့်တယ်၊ ဘယ်သူဟာ နိုင်ငံသားဖြစ်သင့်တယ် ဆိုတဲ့ ၀င်ရောက်စွက်ဖက်တာမျိုးတော့ လက်မခံဘူး။ ဒါအားလုံးရဲ့ အဖြေဟာ နိုင်ငံသားတွေနဲ့ပဲ ပတ်သက်တယ်။”

အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ဥက္ကဋ္ဌ ဦးသိန်းညွန့်ကလည်း ဒေါက်တာ အေးမောင်ရဲ့အဆိုကို သဘောတူပါတယ်။

“နိုင်ငံသားဥပဒေကို ဒီအချိန်မှာ ကျနော်တို့က လက်တွေ့ကျင့်သုံးဖို့ပဲလိုတယ်။ ဥပဒေက အားနည်းတာမဟုတ်ဘူး။ ဒီဥပဒေကို ကိုင်တွယ်တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကြောင့် နိုင်ငံသားမဟုတ်သူတွေ နိုင်ငံသားဖြစ်လာကြတာလေ။ ဥပဒေကတော့ အမှန်အတိုင်းပြောရင် ကျနော်တို့ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲရေး၊ ကျနော်တို့နိုင်ငံရဲ့ အနောက်မြောက်ဒေသအပါအ၀င် မြို့တော်ရန်ကုန်ကြီးတခုလုံး နိုင်ငံခြားသားလက်ထဲမရောက်သွားဖို့ အင်မတန် တိတိကျကျ ခိုင်ခိုင်မာမာ ရေးထားတဲ့ ဥပဒေပဲ။ လူသားဆိုတဲ့အမြင်ပေါ်မှာ အခြေခံပြီး သူတို့အမြင်ကို သူတို့ သုံးသပ်တာဖြစ်တဲ့အတွက် သူတို့သဘောထားကို ကျနော်တို့က ပြောစရာမရှိဘူး။ သို့သော် မြန်မာနိုင်ငံသားတယောက်၊ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ကတော့ အီးယူရဲ့ အခု သုံးသပ်တင်ပြချက်အပေါ် သဘောမတူဘူး။ ကျနော်ကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ဆက်လက်ကိုင်စွဲပြီးတော့ ယနေ့ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းသင့်တယ်လို့ အခိုင်အမာ ယုံကြည်တယ်။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီးကလည်း နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေဟာ အချုပ်အခြာအာဏာပိုင်ခွင့် ဘောင်ထဲမှာပဲ ရှိတာလို့ ပြောပါတယ်။

[caption id="attachment_30836" align="alignleft" width="242" caption="ဦးကိုကိုကြီး"][/caption]

“ကျနော့်အမြင်ပြောရရင် ဥပဒေဆိုတာက ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် သုံးသပ်ရတာတွေ၊ ဆွေးနွေးရတာတွေ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံသားဥပဒေလို ကိစ္စမျိုးဟာ ပြည်သူရဲ့ အချုပ်အခြာအာဏာပိုက်နက်ထဲမှာပဲ ရှိတယ်။ နိုင်ငံတိုင်းမှာ သူ့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံသားဥပဒေကို ပြဋ္ဌာန်းကြတာပဲ။ နိုင်ငံတိုင်း တပြေးညီ ဒီပုံစံတိုင်း ဖြစ်ရမယ်လို့ ဘယ်နိုင်ငံမှာမှ မရှိဘူး။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှု ဥပဒေဟာ နိုင်ငံတွင်းမှာ ဆွေးနွေးရမယ့်ကိစ္စပါ။ ပြည်ပအဖွဲ့အစည်းတခုက သော်လည်းကောင်း၊ အင်အားစုတခုက သော်လည်းကောင်း၊ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ပေး ရမယ်၊ ပြောင်းပေးရမယ်လို့ ပြောခွင့်လည်း မရှိပါဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ဒေသကို သွားရောက်လေ့လာခဲ့တဲ့အခါမှာ ပြည်ပကနေ ခိုးဝင်လာတဲ့ လူတွေကို အခုအချိန်ထိ တွေ့နေရတာကိုလည်း ဦးကိုကိုကြီးက ထောက်ပြပါတယ်။

ဥရောပ ပါလီမန်ရဲ့တိုက်တွန်းချက်ထဲမှာတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလို့ ခေါ်တဲ့  မွတ်စလင်အုပ်စုတွေနဲ့ ဗုဒ္ဓဘာသာရခိုင်တွေကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အန္တရာယ် ကျရောက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ အန်ဂျီအိုတွေ၊ သတင်းထောက်တွေ၊ သံတမန်တွေကို ရခိုင်ပြည်နယ်က နေရာတိုင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ သွားပေးခွင့်ပေးဖို့၊ ရိုဟင်ဂျာ အုပ်စုတွေကိုလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ ဘေးကင်းလုံခြုံတဲ့ အခြေအနေမှာ သူတို့ရဲ့မူလ နေရာတွေမှာ ပြန်နေခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဇွန်လက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မငြိမ်သက်မှုတွေအတွင်းမှာ လူပေါင်း ၇ သောင်းကျော် နေရပ်တွေကနေ ပြောင်းရွှေ့ခဲ့ရပြီး၊ အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီ ၁ ပတ် အစောပိုင်းမှာ သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013