DVB Logo
Home
မြန်မာသတင်း
စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ခရီးစဉ်ပြီးဆုံး
DVB
·
September 16, 2012
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ္ခတွေကို လေ့လာအစီရင်ခံဖို့ သမ္မတက ဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ပထမဆုံး ရခိုင်ပြည်နယ်ခရီးစဉ်ကို စက်တင်ဘာ ၁၅ ရက်နေ့က အဆုံးသတ်လိုက်ပြီဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံ တင်ပြတော့မယ်လို့ သိရပါတယ်။

ဒေါက်တာမျိုးမြင့်နဲ့ ဒေါက်တာကျော်ရင်လှိုင်တို့ ခေါင်းဆောင်တဲ့ ရခိုင်ပဋိပက္ခ္ခ္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ စက်တင်ဘာ ၇ ရက်ကနေ ၁၅ ရက်ထိ ခရီးစဉ်အတွင်း ပဋိပက္ခ္ခတွေ အဓိကဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်နဲ့ ရမ်းဗြဲ စတဲ့ မြို့နယ်တွေက ရွာတွေအထိ သွားရောက်ခဲ့တာပါ။

ခရီးစဉ်အတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး  ပဋိပက္ခဘေးဒုက္ခသည်တွေ၊ တက္ကသိုလ် ဆရာ ဆရာမတွေ၊ သံဃာတော်တွေ  မြို့မိမြို့ဖတွေ၊ အန်ဂျီအိုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ သွားချင်တဲ့နေရာတွေ၊ တွေ့ချင်တဲ့သူတွေ တော်တော်များများတော့ တွေ့ခဲ့ပါတယ်။ အချက်အလက်တွေ စုံစမ်းမေးမြန်းတာတွေကို တောက်လျှောက်လုပ်ခဲ့ပါတယ်။ ဒီကိစ္စက ကျနော်တို့ အတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီး ရေရှည်အတွက် အဖြေရှာကြရမယ့် ကိစ္စလို့ မြင်ပါတယ်။ အဖွဲ့အစည်းအသီးသီးက အမြော်အမြင် ရှိရှိနဲ့ ၀ိုင်းပြီး ဆွေးနွေးဆုံးဖြတ် ညှိနှိုင်းကြဖို့ အဓိကပါ။”

အလားတူ ကော်မရှင်အဖွဲ့ဝင် အန်ဒီအက်ဖ် ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရခိုင်ပြည်နယ်မှာ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အချိန်ကြာဦးမယ်လို့ ပြောပါတယ်။

“တော်တော်တော့ လိုသေးတယ်ဗျ။ လုပ်ကိုင်မှုတွေကို ပုံမှန်အနေအထားရောက်အောင် တည်ငြိမ်အေးချမ်းတဲ့ အနေအထားရောက်ဖို့ အရင်ဆုံး စွမ်းဆောင်ရမယ်။ သူတို့နေရာမှာလည်း သူတို့ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေမှာပဲ နေကြရတာကို။ ရောင်းဝယ်ဖောက်ကားမှုကတော့ ပုံမှန် ပြန်ရဖို့ဆိုတာကတော့ စောင့်ရဦးမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နာထားတဲ့သူတွေကလည်း နာထားကြသလို ကြောက်နေကြတဲ့ သူတွေကလည်း ကြောက်နေကြတုန်းပဲဗျ။ ဆက်များဖြစ်ဦးမလားဆိုပြီး သံသယတွေ ရှိနေတော့ ဒီအုပ်စု ၂ ခုက ပြန်ပြီး ထိတွေ့စပ်ဆက်ဖို့ဆိုတာ ခက်လိမ့်မယ်။ အဲတော့ ၁ နှစ်တန်သည်၊ ၂ နှစ်တန်သည်ကတော့ စောင့်ကြည့်ရဦးမယ်။”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ​အဓိကရုဏ်းတွေနဲ့စပ်လျဉ်းပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် အဖွဲ့ ဝင် ၂၇ ဦးပါ လွတ်လပ်တဲ့ စုံစမ်းစစ်ရေး ကော်မရှင် အဖွဲ့ကို သမ္မတဦးသိန်းစိန်က ဩဂုတ် ၁၇ ရက်က ဖွဲ့စည်းပေးလိုက်တာပါ။

ကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ သေဆုံးဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုတွေ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှု အခြေအနေတွေ၊ ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်သင့်တဲ့ အချက်တွေ၊ ကွဲပြားတဲ့ အယူရှိသူတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတွေ၊ ဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေကို စုံစမ်းစစ်ဆေးပြီး စက်တင်ဘာ ၁၇ ရက်နေ့အရောက် သမ္မတဆီ တိုက်ရိုက်အစီရင်ခံရမှာပါ။

ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေက စက်တင်ဘာ ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013