DVB Logo
Home
မြန်မာသတင်း
ညအိပ်တည်းခိုသူ ၂ ဦးက အိမ်ရှင်အမျိုးသမီးကိုသတ်၍ ရွှေထည်ပစ္စည်းများ လုယူ
DVB
·
January 12, 2019
ညအိပ်တည်းခိုသူ ၂ ဦးက အိမ်ရှင်အမျိုးသမီးကိုသတ်၍ ရွှေထည်ပစ္စည်းများ လုယူ
1 / 2
Donate to DVB

ကချင်ပြည်နယ် ရွှေကူမြို့မှာ ညအိပ်တည်းခိုသူ အမျိုးသား ၂ ယောက်က အိမ်ရှင်အမျိုးသမီးကို သတ်ပြီး ငွေကျပ် သိန်း ၂ဝဝ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ လုယူသွားခဲ့ပါတယ်။

ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ဖြစ်ခဲ့ပြီး တရားခံတွေကို သိရှိပြီး ဖြစ်လို့ လိုက်လံဖမ်းဆီးနေတယ်လို့ စခန်းမှူးက ပြောပါတယ်။

အဲဒီညက အသက် ၄၃ နှစ်အရွယ် ဒေါ်အိအိခိုင်နဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ မလင်းဇာကြည်ထွန်းခိုင်တို့ အတူအိပ်နေခဲ့ပြီး မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ မိခင်ကို မတွေ့လို့ လိုက်ရှာရာမှာ တခြားအခန်းက ကုတင်ပေါ်မှာ မိခင်ဖြစ်သူ လဲကျနေတာကိုတွေ့လို့ အစ်ကိုနဲ့ အတူ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ နှာခေါင်းမှာ သွေးတွေယိုထွက်ပြီး သတိမေ့နေလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရွှေကူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသတုန်းမှာ သေဆုံးသွားတယ်လို့ တိုင်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအချိန်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က အိမ်ကို ရောက်ရှိတည်ခိုနေတဲ့ မိခင်ရဲ့ မိတ်ဆွေ အမျိုးသားလူငယ် ၂ ယောက်ဟာ အိမ်ကနေ ထွက်သွားတယ်လို့ ဆိုပါတယ်။

တိုင်ချက်မှာ ဒေါ်အိအိခိုင် ဝတ်ထားတဲ့ ရွှေထည်ပစ္စည်းတွေအပါအဝင် ဖုန်း ၃ လုံး၊ စုစုပေါင်း ငွေကျပ် သိန်း ၂ဝဝ ကျော်ဖိုးလောက်ကို ယူဆောင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ရွှေကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးဟန်မွှေးက “သူတို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဒီအိမ်မှာ ၈ ရက်အိပ်ဖူးတယ်။ အခုကတော့ ၃ ရက်မြောက်မှာ ဖြစ်တာ။ အဲကောင်လေးတွေက ရွှေကူက တည်းခိုခန်းတခုမှာ တည်းနေရင်း အကြွေး ၉ သောင်းလောက် တင်နေသလို အခန်းလည်း မအပ်ခဲ့ဘူး။ အဲဒီတည်းခိုခန်းကနေ သူတို့ဟာ စစ်ကိုင်းတိုင်းက ဆိုတာကို သိရတယ်” လို့ ပြောပါတယ်။

[gallery ids="308307"]

အမှုစစ်ဆေးချက်အရ အမျိုးသမီးကို ခေါင်းအုံးနဲ့ ဖိပြီးသတ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“လတ်တလောကတော့ သူတို့ဟာ ရွှေကူမြို့ထဲမှာပဲ ရှိနေတာကို သိရပါတယ်။ မြို့ထဲမှာ လိုက်ရှာနေသလို သူတို့ရဲ့ ဓာတ်ပုံတွေကိုထုတ်ပြီး စခန်းပေါင်း ၇၀ ကျော်ကို ဖြန့်ဖို့ လုပ်နေပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်က အချက်အချာကျတဲ့ စခန်းတွေပေါ့” လို့လည်း စခန်းမှူးက ပြောပါတယ်။

ကျူးလွန်သူလို့ ယူဆရတဲ့ ၂ ယောက်ထဲက တယောက်ဟာ စစ်ကိုင်းတိုင်းထဲမှာ ပြစ်ချက်ဟောင်းတွေရှိသူဖြစ်ပြီး ဒေါ်အိအိခိုင်နဲ့ ပိုပြီးရင်းနှီးတဲ့ နောက်တယောက်ကတော့ အမျိုးသမီးတွေနဲ့ ရှုပ်ပွေသူ တယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013