ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း သောက်သုံးကြရန် ကျန်းမာရေးဌာန တိုက်တွန်း
ဆုဆုသွယ်
·
January 12, 2019

ဆင်ခြေထောက်ရောဂါကင်းဝေးတဲ့ ရန်ကုန်မြို့ကြီးဖြစ်ဖို့အတွက် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သန်ချဆေးပေါင်းကို တိုက်ကျွေးမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်ဆေးသောက်သုံးကြဖို့ ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင် ၄ ခရိုင်လုံးမှာ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိနေတာကြောင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် သန်ချဆေးပေါင်းကို ၂၀၁၃ ခုနှစ်မှစတင်ကာ တိုက်ကျွေးလာတာ ၅ နှစ်ရှိပြီ ဖြစ်ပါတယ်။
၅ နှစ်တာ ကာကွယ်ဆေးတိုက်ကျွေးမှုဟာ အကျိုးသက်ရောက်မှု ရှိ၊ မရှိ သိရှိစေဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ရန်ကုန်တိုင်း အတွင်းက မြို့နယ် ၁၄ မြို့နယ်မှာ အကြိုဆန်းစစ်မှု လုပ်ဆောင်ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ဆင်ခြေထောက်ရောဂါ ကင်းဝေးမှု ရှိ၊ မရှိ တကယ့်ဆန်းစစ်မှုကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးမှု အကြိုဆန်းစစ်မှုကိုတော့ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ခရိုင် ၃၂ ခရိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခရိုင် ၂၁ ခရိုင်မှာ ဆန်းစစ်မှု အောင်မြင်ခဲ့ပေမယ့် ၁၁ ခရိုင်မှာတော့ ကျရှုံးခဲ့တာပါ။
၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဆင်ခြေထောက်ရောဂါကို ကျန်းမာရေးပြဿနာကနေ ဖယ်ရှားနိုင်ဖို့အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေးကို စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။
ဆုဆုသွယ်