
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၃၀ လောက်အတွင်း သူ့ရဲ့ပထမဆုံး အမေရိကန်ခရီးစဉ်ကို ဒီနေ့  စတင်လိုက်ပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ည ၇နာရီ မိနစ် ၅၀ လောက်မှာ ထိုင်း နိုင်ငံတကာ လေကြောင်းလိုင်း (တီဂျီ)နဲ့ ထိုင်းနိုင်ငံကနေတဆင့် အမေရိကန် ပြည်ထောင်စုကို ထွက်ခွာသွားတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အန်အယ်လ်ဒီပါတီရဲ့ပုဗ္ဗသီရီမြို့နယ် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ကိုယ်ရေးအရာရှိ ဒေါက်တာ ဒေါက်တာတင်မာအောင်နဲ့ လုံခြုံရေး အရာရှိ ဦးဇော်မင်းဦးတို့ လိုက်ပါသွားတယ်လို့ ပါတီပြန်ကြားရေးတာဝန်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။
အေဂျင်စီသတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန်မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အန်အယ်လ်ဒီပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမြို့တော် ၀ါရှင်တန်ဒီစီကို ရောက်ရှိမယ့် အကြောင်း ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်လွှတ်တော်က ပေးအပ်တဲ့ ရွှေတံဆိပ်ဆုအပါအ၀င် အမေရိကန်အဖွဲ့အစည်းတွေကပေးတဲ့ တခြားဆုတွေ လက်ခံဖို့ ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဦးမင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်နဲ့ ဦးအောင်ဒင်တို့ကို အမေရိကန် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (အန်အီးဒီ) က ချီးမြှင့်တဲ့ ဆုပေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးနဲ့ ဦးကျော်သူတို့က အမေရိကန်ကို ထွက်ခွာသွားကြပြီဖြစ်ပေမယ့် ဦးမင်းကိုနိုင် ဆုသွားရောက် လက်ခံယူမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ ယေးလ်၊ ဟားဗတ် စတဲ့ တက္ကသိုလ်တွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိပြီး နယူးယောက်ခ်၊ ဖို့ သ်ဝိန်း၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ် မြို့တွေက မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
အခုလို နှစ်ပေါင်းများစွာအကြာမှာ အမေရိကန်ပြည်ထောင်စုကိုသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လေဆိပ်ကို လိုက်ပါပို့ဆောင်ခဲ့သူ အန်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးက ခုလို မှတ်ချက် ပေးပါတယ်။
“ကျနော်တို့ တိုင်းပြည်က ခေါင်းဆောင်တယောက်၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တယောက်၊ ပြည်သူလူထုကလည်း ချစ်ကြည်လေးစား ခံရတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အင်မတန်မှ လွတ်လပ်တယ်၊ ဒီမိုကရေစီကျတဲ့ နိုင်ငံကြီးတခုသွားတယ်ဆိုတာ၊ နောက်ပြီးတော့ အမြင့်ဆုံးဖြစ်တဲ့ ဆုဘွဲ့တခုပေးတယ် ဆိုတော့ မြန်မာပြည်သူပြည်သားအားလုံး၊ တိုင်းရင်းသားအားလုံးအတွက် ကမ္ဘာက သူ့အတွက် ပေးခြင်းအားဖြင့် ပြည်သူလူထုတရပ်လုံး၊ တိုင်းရင်းသားအားလုံး နိုင်ငံရေးအားဖြင့် အဘက်ဘက်ကတော့ ပိုပြီး ဂုဏ်မြောက်တာပေါ့။ ဂုဏ်ရှိန်ဂုဏ်ဝါတက်တယ်။ ဒီသဘောတော့ ရှိတာပေါ့။ နောက် ပြည်သူလူထုအားလုံးအတွက် ဒီမိုကရေစီအရေး လုပ်ငန်းရပ်အ၀၀မှာလည်း နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်ကြီးများနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတဲ့အခါမှာလည်း အမြင်ကျယ်မှုဖြစ်လာတဲ့ ဆွေးနွေးချက်တွေဟာလည်း သူ့အတွက်၊ တိုင်းပြည်အတွက် ဒီလို အကျိုးရှိမယ်လို့ တွက်ဆပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်လာပြီးနောက် ပြီးခဲ့တဲ့ မေလကုန်မှာ ထိုင်းနိုင်ငံ၊ ဇွန်လမှာ ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် ဥရောပ ၅ နိုင်ငံခရီးထွက်ခွာခဲ့ပြီး ခု အမေရိကန် ခရီးစဉ်ဟာ သူ့ ရဲ့ တတိယမြောက် ပြည်ပခရီးစဉ်ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၇ ရက်ကြာမြင့်မှာဖြစ်ပြီး အောက်တိုဘာ ၃ ရက် မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။











