DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်များ အယူခံပယ်ချမှု အမှားပြင်ရန် အခွင့်အရေးဆုံးရှုံးဟု ဥရောပသမဂ္ဂပြော
DVB
·
January 12, 2019
ရိုက်တာသတင်းထောက်များ အယူခံပယ်ချမှု အမှားပြင်ရန် အခွင့်အရေးဆုံးရှုံးဟု ဥရောပသမဂ္ဂပြော
Donate to DVB

ရိုက်တာသတင်းထောက်တွေကို ထောင်ဒဏ် ၇ နှစ်ကျခံစေဖို့ တိုင်းတရားလွှတ်တော်က ထပ်ပြီးဆုံးဖြတ်လိုက်တာဟာ အမှားကို ပြင်ဖို့ အခွင့်အရေးတခု ဆုံးရှုံးတာလို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ချမှတ်ခံထားရလို့ အယူခံတင်ထားတာကို ရန်ကုန်တိုင်းတရားလွှတ်တော်က ဇန်နဝါရီ ၁၁ ရက် မနေ့က ပယ်ချလိုက်တာပါ။

ဒါဟာ အမှားတခုကို အမှန်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးတရပ်ကို လက်လွတ်ဆုံးရှုံးတာဖြစ်ပြီး မီဒီယာတွေရဲ့ လွတ်လပ်ခွင့်၊ ပြည်သူလူထုရဲ့သတင်းအချက်အလက်သိပိုင်ခွင့်နဲ့ မြန်မာနိုင်ငံ တရား ဥပဒေစိုးမိုးရေးအတွက် နောက်ထပ် အဟန့်အတားတခုလည်း ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်တာပါ။

ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံတရားစီရင်ရေးစနစ်ရဲ့ လွတ်လပ်မှုအပေါ် ပြင်းထန်တဲ့ သံသယ ဖြစ်ပေါ်စေသလို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဥပဒေတွေကို အခြေခံနေတယ်လို့လည်း ဆိုပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေဟာ တရားစီရင်ကြားနာမှုတိုင်းနဲ့ အယူခံရုံးတင် စစ်ဆေးတာတွေမှာ တက်ရောက်ကြပြီး ဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ကလည်း ကန့်ကွက်လိုက်ပြီး သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို သံသယဖြစ်ရပြီး မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ သတ္တိရှိတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရုံးကတော့ အခုလို ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီကို အားနည်းစေပြီး မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ သတင်းသမားတွေ အားလုံးကို ကြောက်မက်ဖွယ် သတင်းပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ကို ကနေဒါနိုင်ငံအနေနဲ့ မထောက်ခံဘဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချက်ချင်း လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အင်ဒင်းရွာလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကိုလိုနီခေတ်ကလည်းက ပြဋ္ဌာန်းထားခဲ့တဲ့ နိုင်ငံလျို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲပြီး ၂၀၁၈ စက်တင်ဘာလမှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013