DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို
DVB
·
January 12, 2019
ဖမ်းဆီးခံ ကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို
1 / 9
Donate to DVB

ဖမ်းဆီးခံကျောင်းသားတွေ အမြန်​ဆုံး ပြန်လွှတ်ပေးဖို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက​ ဆန္ဒပြ ​တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်​ ဒီဇင်​ဘာ ၂၈ ရက်​​နေ့နဲ့ အခု ဇန်​နဝါရီ ၂ ရက်​​နေ့က ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေး​​ပေးဖို့နဲ့ ကျောင်းသန့်ရှင်းရေးအတွက် ဝန်ထမ်းတွေ တိုးမြှင့်ချထားပေးဖို့​ တောင်းဆိုခဲ့ကြလို့ ဖမ်းဆီးခံခဲ့ကြရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသား ၇​ယောက်​ကို အမြန်​ဆုံး ခြွင်းချက်​မရှိ ပြန်​လွှတ်ပေးဖို့​ ဇန်နဝါရီ ၁၁ ရက်နေ့က မန္တလေးမြို့အတွင်းမှာ ဆန္ဒပြ​တောင်းဆိုခဲကြတာပါ။

ဖမ်းဆီးခံကျောင်းသား ၇ ​ယောက်​ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့ပြီး ရုံးထုတ်​​နေတဲ့အချိန်​ လာရောက်ဝန်းရံကြတဲ့ ရန်​ကုန်​၊ မိတ္ထီလာ၊ ရမည်း​သင်း ပခုက္ကူ၊ ကန့်ဘလူ စတဲ့တက္ကသိုလ်အသီးသီးက သမဂ္ဂအဖွဲ့ဝင်တွေက အမရပူရမြို့နယ်​တရားရုံးက​နေ စစ်ကိုင်း - မန္တလေး လမ်းအတိုင်း မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးထိ ချီတတ် ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

“အခုဖမ်းဆီးခံထားရတဲ့ ကျ​နော်တို့ ရဲ​ဘော်​ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆို​နေတာကို လက်ရှိအစိုးရအနေနဲ့က ဖြေရှင်းပေးဖို့ မတတ်ဘူး၊ ဖမ်းဖို့ပဲ တတ်တယ်၊ ကျ​နော်တို့တောင်းဆိုချက်ကို လျစ်လျူရှုထားတယ်။ ကျောင်းသားတွေဘက်ကကျ ထောင်ထဲ ဝင်ရလောက်အောင်ထိ တောင်းဆိုတာ၊ အစိုးရနဲ့ကျောင်းတာဝန်ရှိသူတွေက ဘာတွေကိုမှ မဖြည့်ဆည်းပေးခဲ့ဘူးဆိုတာ ပြန်ကြည့်စေချင်တယ်” လို့ ဆန္ဒပြကျောင်းသား ကိုနောင်ထက်အောင်​က ပြောပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ တမ္ပဝတီရပ် သူကြွယ်ကုန်း စစ်ကိုင်း - မန္တလေး လမ်းဘေးရှိ အာဇာနည် (၁၇) ဦး ဗိမာန်အတွင်း အလေးပြုတာတွေ ပြုလုပ်ခဲ့ကြကာ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးအတွင်း ဝင်​​ရောက်​ဆု​တောင်းတာ ​မပြုလုပ်​ဖို့ သက်ဆိုင်ရာက လာရောက်တားမြစ်ခဲ့တာ​ကြောင့် ​ဝန်းရံကြတဲ့ ကျောင်းသားတွေက လမ်း​ပေါ်ကပဲ ဖမ်းဆီးခံ​ကျောင်းသားတွေ အမြန်​ဆုံးပြန်​လည်​လွတ်​​မြောက်​ဖို့​ ဆု​တောင်း အမျှ​ဝေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းနားမှာ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားတဦး အသတ်ခံခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျောင်းလုံခြုံရေး ချထားပေးဖို့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဈာပနအခမ်းအနားပုံစံလုပ်ပြီး ဆန္ဒပြခဲ့တဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသား ၃ ဦးကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါဝင် ပုဒ်မ ၅ ခုနဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့ပါတယ်။

အဲဒီကျောင်းသား ၃ ဦးကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသား ၄ ဦးလည်း အခုနှစ် ဇန်န၀ါရီ ၂ ရက်နေ့မှာ ထပ်မံဖမ်းဆီးအမှုဖွင့်ခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကတော့ ကိုကျော်သီဟရဲကျော်၊ ကိုရဲမျိုးဆွေ၊ ကိုရဲမင်းထွန်း၊ ကိုရဲလင်းအောင်၊ ကိုမျိုးချစ်ဇော်၊ ကိုဘုန်းမြင့်ကျော်နဲ့ ကိုနေ၀င်းတို့ ဖြစ်ကြပါတယ်။

သတင်းဓာတ်ပုံ - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013