Home
မြန်မာသတင်း
မဏိပူမြစ် ကျောက်တုံးကျောက်ဆောင်များကြား စွန့်စားပြီး ရာဘာလှေစီးသူ ၂ ဦး အောင်မြင်
DVB
·
January 11, 2019
မဏိပူမြစ်အတွင်း ကျောက်တုံးကျောက်ဆောင်တွေအကြား စွန့်စားပြီး မိုင်လေးဆယ်ကျော် ရာဘာလှေစီးတဲ့ ခရီးစဉ်ကို ကလေးမြို့သား ၂ ဦးက အောင်မြင်စွာ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေမှာ လူကြိုက်များတဲ့ ရာဘာလှေစီးတဲ့ အားကစားနည်းကို မြန်မာနိုင်ငံမှာလည်း စီးနိုင်ကြောင်းနဲ့ စီးစရာနေရာတွေကိုလည်း ပြချင်တဲ့ ရည်ရွက်ချက်နဲ့ ၂ ညအိပ် ၃ ရက်ခရီး မိုင်လေးဆယ်ကျော် ရာဘာလှေစီးခြင်း စွန့်စားခရီးစဉ်ကို ကလေးမြို့သားတွေ ဖြစ်တဲ့ ကိုလှိုင်ထွန်းနဲ့ ဂျိုးတို့ဟာ ပထမဆုံး ဖြတ်သန်းသူတွေအဖြစ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာပါ။ ဒါ့အပြင် ချင်းပြည်မြောက်ပိုင်းကို လူတွေ စိတ်ဝင်စားလာဖို့နဲ့ သဘာဝအခြေပြု ခရီးသွားလေ့လာမှုတွေ ဖွံ့ဖြိုးလာဖို့ကို ရည်ရွယ်တယ်လို့ ကိုလှိုင်ထွန်းက ပြောပါတယ်။ "ချင်းပြည်နယ် မြောက်ပိုင်းကို လူတွေစိတ်ဝင်စားလာဖို့နဲ့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ရည်ရွယ်ပြီး စွန့်စားဖြစ်တယ်။ ကျနော်တို့က စွန့်စားရတာ ဝါသနာပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဒီလိုစွန့်စားစရာနေရာတွေ ရှိတယ်ဆိုတာ ပြချင်တယ်။ ဒီအားကစားက ထိုင်း အမေရိကန် နဲ့ အိန္ဒိယလို နိုင်ငံတွေမှာ ကမ္ဘာ့လူကြိုက်များ အားကစားတခုပဲ။ ထိုင်းမှာဆို ဒေါ်လာ ၁၅၀ ကနေ အနိမ့်ဆုံးအဆင့် ၇၀ /၈၀ လောက်ထိ ကုန်တယ်။" ကိုလှိုင်ထွန်းနဲ့ ဂျိုးတို့ နှစ်ဦး စွန့်စားခရီးဆက်ခဲ့တဲ့ မဏိပူမြစ်ဟာ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ကနေ မြစ်ဖျားခံစီးဆင်းလာတာဖြစ်ပြီး ကျောက်တုံးကျောက်ဆောင်တွေနဲ့ ရေအစီးကြမ်းတဲ့ မြစ်တစင်းလည်း ဖြစ်သလို သဘာဝတောတွေကို ဖြတ်ပြီး သားကောင်ကြီးတွေပါ ရှိနေတဲ့ နေရာဒေသပဲ ဖြစ်ပါတယ်။ ခရီးစတင်ခဲ့တဲ့ နေရာကတော့ ချင်းပြည်နယ် ဖလမ်းနဲ့ ဟားခါးအကြားမှာ ရှိတဲ့ ဗားရ်တံတားကနေ ကလေးမြို့ မဏိပူမြစ်အဆုံး ကမ်းပါးနီ တံတားမှာ ခရီစဉ် အဆုံးသတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အပြောလွယ်သလောက် တဦးတယောက်မှ ဖြတ်သန်းဖူးတဲ့ ခရီးစဉ်လည်း မဟုတ်ဘူးလို့ ကိုလှိုင်ထွန်းက ဆိုပါတယ်။ "အခက်အခဲကတော့ ကျနော်တို့ မဏိပူမြစ်အခြေအနေ မသိဘူး။ မသိဆို ဒီခရီးကို ဘယ်သူမှ မသွားဖူးဘူး။ ခုက ပထမဆုံးပဲ။ မြေပုံအကူအညီနဲ့ပဲ သွားခဲ့တာ။ ဒီတော့ ကျောက်စိုင် ကျောက်တုံး၊ ကျောက်ရေပြွန်တွေလို ထင်မထားတဲ့ အခက်အခဲ ရေတံခွန်တွေ တွေ့ခဲ့ကြုံခဲ့ တာပါပဲ" ကိုလှိုင်ထွန်းအနေနဲ့ ခရီးကြမ်း စွန့်စားခရီးစဉ်တွေအပြင် နောက်ထပ် စွန့်စားအားကစားအနေနဲ့ ပေ ၂၀၀၀ ကျော် အမြင့်ရှိတဲ့ ထန်တောင် နွားတောင် နဲ့ ပေ ၅၀၀၀ ကျော် အမြင့်ရှိတဲ့ ဝေဘူလ တောင်တန်းတွေပေါ်ကနေ စကိုင်းဒိုင်ပင် လေဟုန်စီးခြင်း အားကစားကိုလည်း ဆက်လုပ်ဖို့ အစီစဉ် ရှိနေတယ်လို့ သိရပါတယ်။   မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024