DVB Logo
Home
မြန်မာသတင်း
ဘားအံထောင်ဖောက်ပြေးမှု ထောင်ပိုင်ကြီးအပါအ၀င် ၈ ဦး တရားရင်ဆိုင်နေရ
DVB
·
January 11, 2019
ဘားအံထောင်ဖောက်ပြေးမှု ထောင်ပိုင်ကြီးအပါအ၀င် ၈ ဦး တရားရင်ဆိုင်နေရ
Donate to DVB

ဘားအံအကျဉ်းထောင်ကနေ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးမှုနဲ့ ထောင်ပိုင်ကြီး အပါအ၀င် ထောင်ဝန်ထမ်း ၈ ဦးကို အကျဉ်းထောင်များအက်ဥပဒေပုဒ်မ ၅၄ (၁) နဲ့ တရားစွဲဆိုထားတယ်လို့ ဘားအံမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဦးစောအောင်ထူးက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်က အကျဉ်းထောင်အတွင်းကနေ အကျဉ်းထောင်ဝန်ထမ်း မောင်းနှင်တဲ့ အမှိုက်သယ်ယာဉ်ကို လုယက်ပြီး အကျဉ်းသား ၂၈ ဦး၊ အချုပ်သား ၁၂ ဦးတို့နဲ့အတူ အကျဉ်းထောင်တံခါးတွေကိုတိုက်ပြီး မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံခဲ့ရတာပါ။

ထောင်ပိုင်ကြီး ဦးအေးသန်းအပါအ၀င် ထောင်ဝန်ထမ်း ၈ ဦးကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးအမိန့်နဲ့ အကျဉ်းထောင်များအက်ဥပဒေပုဒ်မ ၅၄(၁) နဲ့ အကျဉ်းဦးစီးဌာန ဒုတိယတာဝန်ခံ ဦးစရွှေမင်းသားက တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဘားအံမြို့နယ် တရားသူကြီး (သတင်းပြန်ကြားရေးအရာရှိ) ဦးစောအောင်ထူးက "အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရုံးအမိန့်ဖြင့် အကျဉ်းထောင်အက်ဥပဒေပုဒ်မ ၅၄(၁)အရ ဦးတိုက်လျှောက်ထားလို့စွဲဆိုတဲ့ အမှုဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီးတော့ အမှုကို ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဖြေကြားလိုတယ်" လို့ ပြောပါတယ်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီးပထမတန်း၊ ဒုတိယရဲမှူးကြီး ကံဝင်းက "ကျနော်တို့ ဘားအံအကျဉ်းထောင်ကနေပြီးတော့ ထွက်ပြေးလွှတ်မြောက်သွားတဲ့ တရားခံများနဲ့ ဖမ်းဆီးရန်ကျန်တဲ့ ၁၆ ယောက်ကို ကျနော်တို့ သက်ဆိုင်ရာ ခရိုင်အလိုက် မြို့နယ်အလိုက် ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေရဲ့ ပုံစံတွေကို ဓာတ်ပုံတွေ အချက်အလက်တွေကိုပေးပြီး ဖမ်းဆီးရမိအောင် ဆောင်ရွက်လျှက်ရှိတယ်" လို့ ပြောပါတယ်။

ဒီဖြစ်စဉ်က ဖြစ်ရိုးဖြစ်စဉ်သာမန်အကျဉ်းထောင်ထဲကနေ ထွက်ပြေးတဲ့ဖြစ်စဉ်မျိုးမဟုတ်ဘူး၊ အကျဉ်းထောင်သမိုင်းမှာလည်း ဒီလောက်များများ ဒီပုံစံမျိုးထွက်ပြေးခဲ့တာ မျိုးမရှိခဲ့ဘူးလို့ ရန်ကုန်မြို့နေ ဥပဒေအကြံပေး၊ ဦးခင်မောင်မြင့်ကပြောပါတယ်။

ဒီဖြစ်စဉ်ပတ်သက်ပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ထွက်ပြေးအကျဉ်းသားနဲ့ အချုပ်သား ၄၂ ဦးကို တရားဝင် အတည်ပြုထုတ်ပြန်ခဲ့ပေမယ့် အကျဉ်းဦးစီးဌာန(ဘားအံ)က တရားရုံး ဦးတိုက်လျှောက်ထားတဲ့အမှုဖြစ်စဉ်မှာ အယောက် ၄၀ ကိုပဲ တင်ပြထားပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေတွေကို ရုံးချိန်း ၇ ချိန်မှ တရားလိုပြသက်သေ ၃ ဦးထိစစ်ဆေးပြီး ဖြစ်ပြီ နောက်ဆုံးတရားလိုပြသက်သေ ၄ ဦးမြောက်ဖြစ်တဲ့ ဒုတိယတာဝန်ခံ ဦးစရွှေမင်းသားကို ဇန်န၀ါရီ ၂၃ ရက်မှာ စစ်ဆေးသွားမှာပါ။

အကျဉ်းထောင်ဝန်ထမ်းတွေ တာဝန်ကို ပျက်ကွက်သည်ဖြစ်စေ၊ ပေါ့သည့်ဖြစ်စေ တရားသဖြင့် ပေးအပ်ထားတဲ့ အမိန့်ကို ကျူးလွန်ဖောက်ဖျက်ရင် အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၅၄(၁) အရ တရားစွဲဆိုခံရပါက ငွေဒဏ် ၂၀၀ ကျပ်(သို့မဟုတ်) ထောင်ဒဏ် ၃ လအထိ(သို့မဟုတ်) ငွေဒဏ်နှင့် ထောင်ဒဏ်နှစ်ရပ် စလုံးကို ကျခံရမှာဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013