မောင်တောတွင် မူလတန်းကျောင်း သူနှစ်ဦး ကားတိုက်ခံရ
DVB
·
January 11, 2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၄ မိုင် ရှိ ရွာသာယာကျေးရွာမှာ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက မူလတန်းကျောင်း ရှေ့မှာ ကစားနေတဲ့ ကလေးတွေကို ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့လို့ ကျောင်းသူ ၂ ဦး ဆေးရုံတင်ထားရပါတယ်။
ရွာသာယာကျေးရွာက မူလတန်းကျောင်းသူ ၂ ဦး ကျောင်းရှေ့မှာ ကစားနေချိန် ရွာသာယာကျေးရွာနေ ယဉ်မောင်း အောင်ခိုင် မောင်းနှင်လာတဲ့ မှန်လုံကားအဖြူဟာ အရှိန်လွန်မောင်းနှင်းလာပြီး ၀င်တိုက်ခဲ့ရာ ကျောင်းသူ ၂ ဦးလုံး ဆေးရုံတင်လိုက်ရပြီး တယောက်ကတော့ သတိမရသေးလို့ ဇန်နဝါရီ ၁၀ ရက် မနက်က စစ်တွေဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ လူနာရှင်မိသားစုက ပြောပါတယ်။
“ကျမသမီးက မလှဆန်းနွယ်ပါ။ ခေါင်းမှာ ဒဏ်ရာရတာပါ။ သတိတော့ရပါတယ်။ လက်မှာ ဒဏ်ရာရပါတယ်။ ပါးစပ်တွေရောင်နေတဲ့အတွက် အစာသိပ်မစားနိုင်ပါဘူး။ ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။ အစားအစာတွေ ကျွေးနိုင်တယ်လို့ ပြောပါတယ်။ နောက်တဦးဖြစ်တဲ့ မအေးဝင်းရီကတော့ ကားတိုက်တဲ့ အချိန်ကစပြီး သတိမရသေးပါဘူး။ မနေ့က စစ်တွေကို ယူဆောင်သွားပါတယ်” လို့ပြောပါတယ်။
ကားတိုက်ခံရတဲ့ ကျောင်းသူ မအေးဝင်းရီရဲ့ ဖခင်ဖြစ်သူ ကိုဝင်းလှိုင်က “မနေ့က ဆေးရုံကိုရောက်တာနဲ့ ဦးခေါင်းကို ဓာတ်မှန်ရိုက်ပါတယ်။ ဦးခေါင်းခွံကွဲသွားပြီး သွေးခဲနေတယ်။ အခြေအနေ စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောပါတယ်” လို့ ပြောပါတယ်။
ပြင်ဖြူစခန်းမှူး ဒုရဲမှူး ကျော်မြ၀င်းက “တရားခံကို ထိန်းသိမ်းထားပါတယ်။ လူနာအခြေအနေကို အမြဲဖုန်းနဲ့ ဆက်သွယ်ပြီး မေးမြန်းနေပါတယ်။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” လို့ ဆိုပါတယ်။
ပြင်ဖြူနယ်မြေရဲစခန်းက ယာဉ်မောင်း အောင်ခိုင်ကို ယာဉ်မဆင်မခြင်မောင်းနှင်ပြီး အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၄၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။