DVB Logo
Home
မြန်မာသတင်း
နှစ်ချီကြာ ဘန်ချောင်းကျောက်မီးသွေးတွင်း စွန့်ပစ်မြေစာပုံ မီးလောင်နေမှု ငြှိမ်းသတ်ပေးရန် တောင်းဆို
DVB
·
January 11, 2019
နှစ်ချီကြာ ဘန်ချောင်းကျောက်မီးသွေးတွင်း စွန့်ပစ်မြေစာပုံ မီးလောင်နေမှု ငြှိမ်းသတ်ပေးရန် တောင်းဆို
Donate to DVB

တနသာင်္ရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကွမ်းချောင်းကြီးကျေးရွာမှာ ကျောက်မီးသွေးတူးဖော်မှု ရပ်ဆိုင်းထားတာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့်  စွန့်ပစ်ကျောက်မီးသွေးမြေစာပုံတွေကနေ မီးလောင်နေဆဲဖြစ်လို့ အနံ့ဆိုးတွေ ထွက်နေဆဲပဲလို့ ဘန်းချောင်းဒေသခံတွေက ပြောပါတယ်။

ဘန်းချောင်းကျောက်မီးသွေးတွင်းမှာ ၂၀၁၅ ခုနှစ်ကစပြီး မီးတငွေ့ငွေ့လောင်နေပြီး မီးခိုးငွေ့တွေကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်လာတဲ့အတွက် မီးလုံးဝငြှိမ်းတဲ့အထိ ငြှိမ်းသတ်ပေးဖို့နဲ့ ကျောက်မီးသွေးတွင်း အပြီးပိတ်သိမ်းပေးဖို့ တာကပေါလူငယ်အဖွဲ့ အပါအ၀င် ဒေသခံတွေနဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီက တောင်းဆိုပါတယ်။

၂၀၁၇ မေ ၂၇ ရက်က တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်ပြီး အဖွဲ့စုံကွင်းဆင်းစစ်ဆေးရာမှာ ကုမ္ပဏီအနေနဲ့ ဥပဒေပါ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု အားနည်းတာတွေ့ရှိခဲ့ပြီးနောက် ဒီကျောက်မီးသွေးတွင်းကို ယာယီရပ်နားထားခဲ့ပါတယ်။

ဒါပေမယ့် အခု ၁ နှစ်ကျော် ၂ နှစ်နီးပါးအထိ မီးမငြိမ်းသေးဘူးလို့ တာကပေါ်လူငယ်အဖွဲ့က စီမံကိန်းတာဝန်ခံ နော်ဆဲအယ်မူးက ပြောပါတယ်။

“အဲဒီဟာက အခု ဆက်တော့ ဆက်မလုပ်တော့ဘူး၊ ရပ်နားထားတာဆိုတော့လေ။ ကျန်တဲ့ဟာတော့ ဘာမှမရှိဘူး။ အဲဒီမီးခိုးထွက်နေတဲ့ဟာနဲ့ အနံ့ထွက်နေတဲ့ဟာကတော့ မပျောက်ဘူး၊ ဆက်ပြီးတော့ ရှိနေတုန်းပဲပေါ့။ မီးစလောင်တာ ၂၀၁၅ လောက်ကတည်းကဖြစ်နေ တာ။ အခုကတော့ သူတို့ မီးလောင်တဲ့ အငွေ့ထွက်တဲ့နေရာတွေကို မြေသားတွေနဲ့ဖုံးတယ်။ ဖုံးလိုက်ရင်လည်း လေးငါးရက် တပတ်လောက်ပိတ်သွားတယ်။ ဒါပေမယ့် တပတ်ကြာရင် အဲဒီနေရာကတခါ အငွေ့ပြန်ထွက်တာပေါ့။ အဲလို မပျောက်သွားဘူး။  မငြိမ်းသွားဘူးပေါ့။”

စွန့်ပစ်ကျောက်မီးသွေးမြေစာပုံတွေကနေ မီးလောင်ထွက်ရှိလာတဲ့ အငွေ့တွေကြောင့် ဒေသခံတွေ ရှူရှိုက်မိပြီး မူးဝေတာ၊ ခေါင်းကိုက်တာ၊ နှာစေးပြီး အသက်ရှူမ၀တဲ့အပြင် ကိုယ်ခန္ဓာ ယားယံတာတွေ ဖြစ်ပေါ်တဲ့ ကျန်းမာရေး ပြဿနာတွေရှိနေပါတယ်။

ဒါ့အပြင် အဲဒီလောင်နေတဲ့ စွန့်ပစ်ကျောက်မီးသွေးမြေစာပုံတွေကနေ မိုးတွင်းမှာ ချောင်းရေတိုက်စားပြီး ဒေသခံတွေရဲ့ စိုက်ပျိုးမြေ၊ ခြံတွေကို ဖျက်ဆီးတာ၊ ရေထုညစ်ညမ်းတာတွေ ဖြစ်တယ်လို့လည်း နော်စေးအယ်မူးက ပြောပါတယ်။

“မိုးတွင်းဆိုရင်လည်း မိုးတွင်းအလိုက် မြေစာပုံတွေ ပြိုကျတယ်။  ချောင်းပိတ်သွားတော့ အဲဒီချောင်းက လမ်းကြောင်းလွဲသွားတော့ သူများ ဥယျဉ်ခြံမြေပေါ်ကို တိုက်စားတော့ ဥယျာဉ်ခြံမြေ ပျက်စီးသွားတယ်ပေါ့နော်။ မိုးတွင်းတုန်းက အဲလိုပြဿနာတွေလည်းရှိတယ်။  အခုလောလော ဆယ် တိုက်ရိုက်ထိနေတာကတော့ ကွမ်းချောင်းကြီးပေါ့နော်။ အဲဒီတဆင့်ခံဆိုရင် ကျောက်မီးသွေး မိုင်းကနေပြီးတော့မှ ကွမ်းချောင်းကြီးချောင်းရေကနေ ကျမတို့ ဘန်းချောင်းထဲကို စီးဆင်းတယ်။ ဘန်းချောင်း စီးဆင်းတဲ့အခါကျတော့ ဘန်းချောင်းတလျောက်လုံးက အဲဒီရေတွေကို သောက်နေရာပေါ့။ အဲလိုရွာတွေက အများကြီး ရွာ ၂၀ လောက်ရှိတာပေါ့နော်။”

ဒါကြောင့် တာကပေါ်လူငယ်အဖွဲ့အနေနဲ့ လာမယ့်အပတ် ကျောက်မီးသွေးတွင်းရှိတဲ့ ကွမ်းချောင်းကြီးကျေးရွာအပါအ၀င် အဲဒီအနီးအနားက ရွာတွေက လူထုတွေကို ကျန်းမာရေး သွေး စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး အဲဖြေထွက်လာတဲ့အခါမှာ ပြန်လည်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဘန်းချောင်းကျောက်မီးသွေးတွင်းကို ၂၀၁၀ ခုနှစ်တည်းက East Star နဲ့ Thai Asset ကုမ္ပဏီတို့က ကွမ်းချောင်းကြီးကျေးရွာ မြေဧက ၆၀ ကျောက်မီးသွေးတူးဖော်မှုကို လုပ်ကိုင်လာခဲ့ တာဖြစ်ပါတယ်။

ကျောက်မီးသွေးတွင်း စွန့်ပစ်ရေဆိုးများကြောင့် ပတ်ဝန်းကျင်လေထု၊ ရေထုညစ်ညမ်းတာ ဖြစ်ပေါ်ကာ ဒေသခံတွေ အသက်မွေးဝမ်းကျောင်း ထိခိုက်လာတဲ့အတွက် ကန့်ကွက်မှုများကြောင့် ၂၀၁၇ ခုနှစ်၊ မေလမှာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရက ယာယီ ပိတ်သိမ်းခဲ့ပါတယ်။

ဘန်းချောင်းဒေသမှာ ကျေးရွာပေါင်း ၂၂ ရွာရှိပြီး စုစုပေါင်းလူဦးရေ ၁၆,၀၀၀ ကျော်နေထိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013