DVB Logo
Home
မြန်မာသတင်း
ထော်လာဂျီ၊ သုံးဘီးနှင့် မော်တော်ဆိုင်ကယ် နံပါတ်ပြားများ အင်္ဂလိပ်အက္ခရာ ပြောင်းမည်
DVB
·
January 11, 2019
ထော်လာဂျီ၊ သုံးဘီးနှင့် မော်တော်ဆိုင်ကယ် နံပါတ်ပြားများ အင်္ဂလိပ်အက္ခရာ ပြောင်းမည်
Donate to DVB

ထော်လာဂျီ၊ သုံးဘီးနဲ့ မော်တော်ဆိုင်ကယ် နံပါတ်ပြားတွေမှာ မြန်မာအက္ခရာနဲ့ ရေးသားနေရာက ဇန်နဝါရီ ၁၀ ရက်က စတင်ပြီး အင်္ဂလိပ်အက္ခရာနဲ့ ပြောင်းလဲရေးသား ထုတ်ပေးနေပါတယ်။

မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြားတွေမှာ မြန်မာအက္ခရာကနေ အင်္ဂလိပ်အက္ခရာ ပြောင်းလဲတာကို အရင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကတည်းက ညွှန်ကြားချက်နဲ့ စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခု ထော်လာဂျီ၊ သုံးဘီးနဲ့ မော်တော်ဆိုင်ကယ်တွေကို အင်္ဂလိပ်အက္ခရာ ပြောင်းတာဟာလည်း အဲတုန်းက ညွှန်ကြားချက်ကို ဆက်လက်ဆောင်ရွက်တာလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနက ညွန်ကြားရေးမှူး ဦးသိန်းထွဋ်က ပြောပါတယ်။

"အခုအသစ်ထုတ်တဲ့ ဖောင်းကြွနံပါတ်ပြားမှာ လုံခြုံမှုဆိုင်ရာ အဆင့်တွေကို နဂို ရိုးရိုးဟာထက်စာရင် ထပ်မြှင့်တင်ပေးတာ ရှိပါတယ်။ အပြင်မှာ ဖမ်းဆီးရမိတဲ့ယာဉ်တွေဟာ စာအုပ်အတု၊ ဝှီးတက်အတုအပြင် ဖောင်းကြွနံပါတ်ပြားလည်း အတုတွေ တွေ့ရတယ်။ အတတ်နိုင်ဆုံး တူအောင်လုပ်ပေမယ်လို့ သေသေချာချာစစ်ရင် ကွာခြားပါတယ်။ ဒါကြောင့် ထပ်ပြီး အတုလုပ်လို့ မလွယ်ကူအောင် အဆင့်မြှင့်တင်တာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံးတော့ မသမာသူတွေရဲ့ ဖောင်းကြွနံပါတ်ပြားအတု လုပ်တာကနေ မလွယ်ကူအောင်လို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ဆောင်ရွက်ချက်တော့ မဟုတ်သေးပါဘူး" လို့ ပြောပါတယ်။

နံပါတ်ပြားတွေကို ဒါ့ထက်အဆင့်မြှင့်လို့ ရသေးပေမယ့် ဈေးနှုန်းတွေ မြင့်သွားနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောထုတ်ပေးမယ့် အင်္ဂလိပ်အက္ခရာ နံပါတ်ပြားတွေရဲ့ ဈေးနှုန်းကတော့ မြင့်မသွားဘဲ အရင်အတိုင်းပဲဖြစ်တယ်လို့ ဦးသိန်းထွဋ်က ပြောပါတယ်။

"အရင်အတိုင်းပဲ မော်တော်ကား ဖောင်းကြွတွေက တသောင်းပဲ။ ဆိုင်ကယ်ဖောင်းကြွဆိုရင် အရင်က ရှေ့တချပ်၊ နောက်တချပ် နှစ်ချပ်ကို ၅၀၀၀ ကျပ်အစား တချပ် ၂၅၀၀ ပြင်ဆင်ကောက်ခံဖို့ အစိုးရရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပြီးဖြစ်ပါတယ်။”

လက်ရှိ မော်တော်ဆိုင်ကယ်တွေမှာ ရှေ့နောက် နံပါတ်ပြားနှစ်ခုဖြစ်ပေမယ့် အသစ်ထုတ်ပေးမယ့် အင်္ဂလိပ်အက္ခရာမှာ နံပါတ်ပြားတခုပဲ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

နံပါတ်ပြားတွေ ပြောင်းလဲထုတ်ပေးတာကို ကနဦး ယာဉ်မှတ်ပုံတင် လာရောက်ဆောင်ရွက်ချိန်မှာ ပြောင်းလဲပေးတာ၊ သက်တမ်းတိုးချိန်မှာ ပြောင်းလဲပေးတာ၊ ပိုင်ရှင်တွေရဲ့ သဘောဆန္ဒအရ အင်္ဂလိပ်အက္ခရာ လာရောက်လျှောက်ထားရင်လည်း ပြောင်းလဲပေးသွားမယ်လို့ ပြောပါတယ်။

အချိန်အတိုင်းအတာ တခုအထိ မပြောင်းတဲ့သူတွေကိုတော့ တခြား စီမံခန့်ခွဲရေး နည်းလမ်းတွေအရ ပြောင်းလဲဖို့ တိုက်တွန်း တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းမှာ ၂၀၁၈ နှစ်ကုန်ပိုင်းအထိ မှတ်ပုံတင်ထားတဲ့ ထော်လာဂျီ အစီးရေ စုစုပေါင်း ၄၁၄၄၆ စီး၊ သုံးဘီးဆိုင်ကယ် (ကုန်တင်၊ လူစီး) အစီးရေ ၁၀၃၄၀၅ စီး၊ မော်တော်ဆိုင်ကယ် ၅၉၉၇၅၁၉ စီး ရှိတယ်လို့ ပို့ဆက်ဌာန စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013